China(Beijing)

တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား သုံးနိုင်ငံကုန်သွယ်ရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပရန်ရှိ

Last Updated:

တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် သုံးနိုင်ငံလွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ အရှိန်မြှင့်ရန် ရည်ရွယ်၍ နောက်ထပ်ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း၊ လွတ်လပ်မှုနှင့် တရားမျှတမှုဆိုင်ရာ အခြေခံမူများကို လွှမ်းခြုံနိုင်ပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်မှုသဘောတူစာချုပ်ကို ရရှိစေရန်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Mr. He Yadong မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စက်မှုလုပ်ငန်းကွင်းဆက်များအကြား အဆင့်မြင့်ချိတ်ဆက်မှုနှင့် တရုတ်၊ ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံတို့ကြား ခိုင်မာသော စီးပွားရေးပေါင်းစပ်မှုများက ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုအတွက် သိသာထင်ရှားသော တိုးတက်မှုများရရှိစေမည့် စင်မြင့်တစ်ခုဖြစ်ကြောင်း၊ သုံးနိုင်ငံ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ရရှိပြီးပါက စျေးကွက်ချဲ့ထွင်ရေးနှင့် ကုန်သွယ်မှု အတားအဆီးများ လျှော့ချရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ စီးပွားရေးဝန်းကျင်ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရေးတို့ကိုပြုလုပ်နိုင်မည်ဖြစ်ပြီး နောက်ဆုံးတွင် နိုင်ငံသုံးနိုင်ငံလုံးရှိ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအတွက် မြင်သာထင်သာသော အကျိုးကျေးဇူးများ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံသည် သုံးနိုင်ငံ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် စေ့စပ်ညှိနှိုင်းမှုကို တန်ဖိုးထားကာ ဂျပန်နှင့် တောင်ကိုရီးယားတို့နှင့်အတူ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန် မြှင့်ဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း၊ ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေး တည်ငြိမ်ရေး၊ ပြန်လည်ထူထောင်ရေးတို့တွင် တက်ကြွစွာ ပါဝင်ကူညီရန် ရည်ရွယ်ထားကြောင်းကိုလည်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

၂၀၁၂ ခုနှစ် စေ့စပ်ညှိနှိုင်းမှု စတင်ချိန်မှစပြီး တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံ တို့သည် ဆွေးနွေးပွဲ ၁၆ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

 

 

Source: China, Japan, South Korea to hold further trade talks (www.gov.cn)

ဒေါ်သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ     

Category: China(Beijing)