China(Nanning)

RCEP သည် ပိုမိုတက်ကြွပြီး သေချာမှုရှိလာ

Last Updated:

ကုန်သွယ်မှု အတားအဆီးများနှင့်တင်းမာမှုများကြောင့် ထောက်ပံ့ရေးကွင်းဆက်များ တည်ငြိမ်ရန်နှင့် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာရန် စိန်ခေါ်မှုများဖြစ်နေသည့် အချိန်တွင် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ဖြစ်သည့် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) သည် စျေးကွက်ပိုမိုဖွင့်လှစ်ခြင်း၊ တရားမျှတသော ယှဉ်ပြိုင်မှုနှင့် စည်းမျဥ်းစည်းကမ်းကို အခြေခံသော ကုန်သွယ်ရေးတို့ကို လုပ်ဆောင်ပေးလျက်ရှိသည်ဟု တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

RCEP အဖွဲ့ဝင်များအနက်မှ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် သဘောတူညီချက်၏ အလားအလာများကို အပြည့်အဝဖော်ထုတ်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးအမြတ်များကို အားလုံးမျှဝေခံစားနိုင်ရန် အခြားအဖွဲ့ဝင်နိုင်ငံများနှင့် နီးကပ်စွာလုပ်ဆောင်မည်ဖြစ်ကြောင်း ဟိုင်နန်ပြည်နယ်၊ Haikou တွင် ပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ်မြောက် RCEP မီဒီယာနှင့် Think Tank ဖိုရမ်တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါဖိုရမ်ကို ယခုနှစ်တွင် "Shared Benefits, Win-win Cooperation" ခေါင်းစဉ်ဖြင့် ဟိုင်နန်ပြည်နယ် CPC Committee၊ China Daily နှင့် China Institute for Reform and Development တို့က ပူးပေါင်းကျင်းပခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဒေသတွင်းလူဦးရေ၊ GDP နှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုပမာဏသည် ကမ္ဘာဝေစု၏ ခန့်မှန်းခြေအားဖြင့် (၃၀) ရာခိုင်နှုန်းခန့်စီရှိသော RCEP သည် ၎င်း၏အဖွဲ့ဝင် (၁၅) နိုင်ငံအကြားတွင် ယခင်နှစ်ဇွန်လ၌ အပြည့်အဝအသက်ဝင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

RCEP သည် အဖွဲ့ဝင်နိုင်ငံများအကြား ချိတ်ဆက်ဆောင်ရွက်မှုတိုးမြှင့်ရန်နှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရာတွင် အဖွဲ့ဝင်နိုင်ငံများက တက်ကြွစွာ ပါဝင်လာစေရန် ဆောင်ရွက်လျက်ရှိသည်ဟု တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ရေးရာကောင်စီအဖွဲ့ဝင် Hu Kaihong က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အကောက်ခွန်လျှော့ချခြင်း၊ ပင်ရင်းနိုင်ငံစည်းမျဥ်းများနှင့် ချောမွေ့သောအကောက်ခွန် လုပ်ထုံးလုပ်နည်းများကဲ့သို့သော ပြဋ္ဌာန်းချက်များကြောင့် သဘောတူညီချက်သည် အဖွဲ့ဝင်နိုင်ငံများမှ အရည်အသွေးမြင့်ထုတ်ကုန်များကို ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း တရုတ်ဈေးကွက်သို့ စဉ်ဆက်မပြတ်ဝင်ရောက်လာစေရန် အထောက်အကူဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၏ စာရင်းဇယားများအရ ယခင်နှစ်တွင် တရုတ်နှင့် အခြား RCEP အဖွဲ့ဝင်နိုင်ငံများအကြား စုစုပေါင်း ပို့ကုန်သွင်းကုန် ပမာဏသည် ယွမ် (၁၂.၆) ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၇ ထရီလီယံ) ရှိခဲ့ကြောင်း၊ ယင်း သည် တရုတ်နိုင်ငံ၏ စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှု၏ (၃၀.၂) ရာခိုင်နှုန်းရှိပြီး သဘောတူညီချက် အသက်မဝင်မီ ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၅.၃) ရာခိုင်နှုန်း တိုးလာကြောင်း သိရှိရပါသည်။

သဘောတူညီချက်၏ အကျိုးသက်ရောက်မှုများဖြစ်သည့် ကုန်သွယ်မှုဖန်တီးခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ခြင်းနှင့် အလုပ်အကိုင် ဖန်တီးပေးခြင်းတို့သည် မသေချာမရေရာမှုများနှင့် ရင်ဆိုင်နေရသော ကမ္ဘာကြီးအတွက် ရှားရှားပါးပါး သေချာမှုတစ်ခုဖြစ်သည်ဟု ဟိုင်နန်ပြည်နယ်အစိုးရ၏ ဒု-အုပ်ချုပ်ရေးမှူး Yin Libo က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အထူးသဖြင့် ဟိုင်နန်ပြည်နယ်သည် RCEP နှင့် လွတ်လပ်သော ကုန်သွယ်ရေးဆိပ်ကမ်းတို့၏ အားသာချက်များကို အသုံးချကာ နိုင်ငံတကာဈေးကွက်၌ စွန့်စားလုပ်ကိုင်နေသော တရုတ်ကုမ္ပဏီများအတွက် အခြေစိုက်စခန်းတစ်ခု ဖြစ်လာစေရန်နှင့် ပြည်ပမှစီးပွားရေးလုပ်ငန်းများအတွက် တရုတ်ဈေးကွက်သို့ ဝင်ရောက်ရန် အချက်အချာနေရာဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Yin က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ယခင်နှစ်က တရုတ်စီးပွားရေးလုပ်ငန်းများသည် RCEP မူဘောင်အောက်ရှိ သွင်းကုန်ခွန်များ လျှော့ချခြင်းမှ ယွမ် (၂.၃၆) ဘီလီယံ အကျိုးခံစားခဲ့ရကြောင်း၊ ထို့အတူ RCEP နိုင်ငံများမှ သွင်းကုန်လုပ်ငန်းများသည်လည်း အကောက်ခွန်သက်သာခွင့်ရရှိခြင်းမှ ယွမ် (၄.၀၅) ဘီလီယံအထိ အကျိုးခံစားခဲ့ရကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရပါသည်။

RCEP ကို စတင်အကောင်အထည်ဖော်ချိန် မကြာသေးသဖြင့် စီးပွားရေးလုပ်ငန်းများမှ သိရှိမှုနည်းပါးခြင်းတို့ကြောင့် RCEP စည်းမျဉ်းများကို အဖွဲ့ဝင်အချို့မှ အသုံးပြုမှုနှုန်းမှာ နည်းပါးနေသေးကြောင်း၊ RCEP စည်းမျဉ်းများကို အသုံးချမှုနှုန်းကို မြှင့်တင်ခြင်းသည် ဒေသတွင်း စျေးကွက်ကြီး၏ ရှင်သန်မှုကို ပိုမိုတိုးတက်စေမည်ဟု China Institute for Reform and Development ဥက္ကဋ္ဌ Chi Fulin က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသသည် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန၊ နိုင်ငံတကာ ဘဏ္ဍာရေးဗဟိုဌာနနှင့် နိုင်ငံတကာခုံသမာဓိဗဟိုဌာနအဖြစ် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသဖြင့် RCEP တွင် ၎င်းပါဝင်လာပါက RCEP ဒေသတွင်းစျေးကွက်ကို မြှင့်တင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် တောင်အာရှနိုင်ငံများအနေဖြင့် RCEP သို့ ပြန်လည်ဝင်ရောက်ရန် စိတ်ဝင်စားလာစေရေးအတွက် အိန္ဒိယက စိုးရိမ်သောကိစ္စရပ်များ၌ သုတေသနပြုမှုနှင့် ဆက်သွယ်ဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်သင့်သည်ဟု ၎င်းကပြောကြားခဲ့ကြောင်း သိရှိရပါ သည်။

 

 

Source:https://www.chinadaily.com.cn/a/202405/19/WS664a2027a31082fc043c7e4a.html 

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)