China(Nanning)

ဆဋ္ဌမအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲသည် ပါဝင်ပြသသူများအတွက် စံချိန်တင်နိုင်ရန် မျှော်လင့်ထား

Last Updated:

ဆဋ္ဌမအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ (China International Import Expo-CIIE) ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့မှ (၁၀) ရက်နေ့အထိ ရှန်ဟိုင်းမြို့၌ ကျင်းပမည်ဖြစ်ရာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှ စတင်ရေတွက်ပါက ပြပွဲကျင်းပရန် ရက်ပေါင်း (၁၀၀) သာလိုတော့ကြောင်း၊  ယခုနှစ်ပြပွဲသို့ ပါဝင်ပြသရန် ကုမ္ပဏီများနှင့် ထိပ်တန်း စက်မှုလုပ်ငန်းပေါင်း (၅၀၀) ကျော်သည် စာရင်းပေးသွင်းထားပြီးဖြစ်သည်ဟု ပွဲစီစဉ်သူများက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

 

ထို့အပြင် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သည့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတစ်ခုတွင် ကုမ္ပဏီ (၄၀) သည် ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် သတ္တမအကြိမ်မြောက်ပြပွဲသို့ တက်ရောက်ရန် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ဇွန်လတွင် ကျင်းပခဲ့သည့် အော့ဖ်လိုင်းပွဲတစ်ခုအတွင်း၌လည်း L'Oreal နှင့် BSH Home Appliances အပါအဝင် ကုမ္ပဏီပေါင်း (၂၅)ခုသည် လာမည့်နှစ် CIIE ပြပွဲအတွက် လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရှိရပါသည်။

BMW နှင့် Mercedes-Benz အပါအဝင် ကမ္ဘာ့ထိပ်တန်း မော်တော်ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီ (၁၅) ခု၊ Medtronic နှင့် Siemens Healthineers ကဲ့သို့သော အကြီးဆုံး ဆေးဘက်ဆိုင်ရာပစ္စည်းကုမ္ပဏီ (၁၀) ခုနှင့် BHP အပါအဝင် ထိပ်တန်းသတ္တုတူးဖော်ရေးကုမ္ပဏီကြီး (၃) ခုတို့သည် ယခုနှစ်ပြပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း CIIE ဗျူရို၏ လက်ထောက်ဒါရိုက်တာ Sun Chenghai က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ထို့အပြင် နည်းပညာအသစ်များဖြင့် စျေးကွက်ရှယ်ယာများ ရရှိထားသည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (၅၀၀) သည်လည်း ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် CIIE တွင် ပါဝင်ပြသမည်ဟု Sun မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကမ္ဘာတစ်ဝှမ်းရှိ စက်မှုဖွံ့ဖြိုးတိုးတက်မှု၏ နောက်ဆုံးပေါ်ခေတ်ရေစီးကြောင်းနှင့် ၎င်းတို့၏ ရလဒ်များကို ပြသပေးခြင်းဖြင့် CIIE သည် တရုတ်နိုင်ငံ၏ စက်မှုကဏ္ဍအဆင့်မြှင့်တင်မှုကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ CIIE ဗျူရို၏ အဆိုအရ ပြပွဲဧရိယာ၏ စတုရန်းမီတာ (၃၆၀,၀၀၀) ကျော်သည် ကြိုတင်စာရင်းသွင်းသူများနှင့် ပြည့်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

ဝိုင်၊ အဖျော်ယမကာ၊ ပင်လယ်စာ၊ ဖက်ရှင်၊ အာဟာရဖြည့်စွက်စာနှင့် ထောက်ပံ့ပို့ဆောင်ရေးစသည့် စားသောက် ကုန်ဆိုင်ရာကဏ္ဍများအတွက် ပြပွဲဧရိယာသည် ယခုနှစ်တွင် (၃၀) ရာခိုင်နှုန်း တိုးလာမည်ဖြစ်ကြောင်းနှင့် အသားနှင့် ပင်လယ်စာထုတ်လုပ်သူများ ပြသမည့် ဧရိယာသည် ယခင်နှစ်ထက် (၈၀) ရာခိုင်နှုန်း တိုးလာမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပြပွဲသို့ ခြောက်နှစ်ဆက်တိုက် တက်ရောက်မည့် ကုမ္ပဏီ (၂၀၀) ခန့်ရှိပြီး ပြင်သစ်တဆေးနှင့် အချဉ်ဖောက်ခြင်း ထုတ်ကုန်ရောင်းချသည့် Lesaffre Group သည်လည်း အဆိုပါ ကုမ္ပဏီများအနက်မှ တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။       

ထို့အပြင် ၎င်း၏ပျားရည်ထုတ်ကုန်များကြောင့် လူသိများသော နယူးဇီလန် ကျန်းမာရေး ဖြည့်စွက်စာကုမ္ပဏီ Comvita သည် ယခုနှစ် CIIE ကို တတိယအကြိမ်မြောက် ပါဝင်ပြသမည်ဖြစ်ကြောင်း၊ ကုမ္ပဏီ၏ တရုတ်နိုင်ငံဆိုင်ရာအထွေထွေမန်နေဂျာ Zheng Yan ၏ ပြောကြားချက်အရ Comvita သည် တရုတ်နိုင်ငံတွင် မျိုးဆက်သစ်လူငယ်များနှင့် မြို့ငယ်များရှိ စားသုံးသူများကို ပစ်မှတ်ထား၍ ထုတ်ကုန်များ ပိုမိုထုတ်လုပ်ဖြန့်ချီသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့သည် ယခုနှစ်ပြပွဲကို ပိုမိုကောင်းမွန်စေရန် လုပ်ငန်းစဉ်အသစ်တစ်ခုကို မိတ်ဆက်ပေးခဲ့ကြောင်း၊ တိရိစ္ဆာန်နှင့် အပင်ထွက်ပစ္စည်းများနှင့် သက်ဆိုင်ရာ ကူးစက်ရောဂါမရှိသောနိုင်ငံနှင့် ဒေသများမှ စားသောက်ကုန်များကို အထူးခွင့်ပြုချက်ရရှိပါက ပြပွဲသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်ကုန်စည်ပြပွဲ (၅) ကြိမ်တွင်  ပြပွဲလုပ်ငန်းစဉ်များကို လွယ်ကူချောမွေ့စေရန် အကောက်ခွန်ရှင်းလင်းရေးနှင့် စျေးကွက်ဝင်ရောက်ရေးဆိုင်ရာလုပ်ငန်းစဉ် (၁၉) ခုကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ် CIIE ပြပွဲတွင် စားသောက်ကုန်နှင့် ရေထွက်ပစ္စည်းများအတွက် ပြပွဲဧရိယာကို ယခင်နှစ်ထက်တိုးမြင့်ထားရာ ပြပွဲသို့ မြန်မာနိုင်ငံမှ တန်ဖိုးမြှင့်စားသောက်ကုန်နှင့် ရေထွက်ပစ္စည်းများ စုံစုံလင်လင်ပါဝင်ပြသခြင်းဖြင့် တရုတ်အစားအသောက်ဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

 

 

Source: www.chinadaily.com.cn/a/202307/28/WS64c2f67da31035260b818eda.html

( စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)