ဂျာမနီသည် စီးပွားရေးကျဆင်းမှုထဲသို့ ရောက်ရှိခါနီး အခြေအနေမှ ပွတ်ကာသီကာ ရှောင်ရှားနိုင်ခဲ့သည်။ ပို့ကုန်တင်ပို့မှုအပေါ် ကြီးမားစွာ မှီခိုနေရသော နိုင်ငံ၏စီးပွားရေးသည် နိုင်ငံတကာမှ စက်မှုထုတ်ကုန်အမှာများ ကျဆင်းလာခြင်းဒဏ်ကို ခံစားနေရဆဲဖြစ်ပါသည်။
German federal statistics agency (Destatis) သည် နိုင်ငံ၏ GDP သုံးလပတ်ခန့်မှန်းချက်ကို ၂၉-၁၀-၂၀၂၄ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ၂၀၂၄ ခုနှစ်၏ တတိယသုံးလပတ် စီးပွားရေး တိုးတက်မှုနှုန်းကို ၀.၂ ရာခိုင်နှုန်းရှိကြောင်း ကိန်းဂဏန်းအချက်အလက်များက ဖော်ပြခဲ့ရာ ယင်းမှာ ဒုတိယသုံးလပတ်တွင် နိုင်ငံ GDP ၀.၁ ရာခိုင်နှုန်း ကျုံ့သွားပြီးနောက် စီးပွားရေးကျဆင်းမှုမှ ပွတ်ကာသီကာ ပြန်လည် လွတ်မြောက်လာခြင်းကို ဖော်ညွှန်းနေပေသည်။
အလုပ်လက်မဲ့ဦးရေသည် ပြီးခဲ့သည့် စက်တင်ဘာလနှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိဘဲ (၂.၈) သန်းခန့် (သို့မဟုတ်) ၆ ရာခိုင်နှုန်း နီးပါးခန့် ရှိနေဆဲဖြစ်ပါသည်။
Germany's Federal Employment Agency ၏ အကြီးအကဲဖြစ်သူ Andrea Nahles က ဆောင်းဦးရာသီတွင် ပုံမှန်ဖြစ်ပေါ်လေ့ရှိသော အလုပ်အကိုင်ကိန်းဂဏန်းများ၏ အတက်အကျသည် ယခုနှစ်တွင်မူ ဖြစ်ပေါ်လာခြင်းမရှိဘဲ တည်ငြိမ်နေခဲ့ကြောင်း ပြောကြားခဲ့သည်။ ကျွမ်းကျင်သူများ၏အဆိုအရ ယခုနှစ်၏ နောက်ဆုံးလများအတွင်း အလုပ်လက်မဲ့ဖြစ်မှု သိသိသာသာ ကျဆင်းသွားခြင်းမရှိသည့်ဖြစ်စဉ်မှာ ပြီးခဲ့သည့် နှစ်ပေါင်း(၂၀)အတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်းနှင့် ရေရှည်အနေအထားတွင် ဂျာမနီ၏ အလုပ် လက်မဲ့ဦးရေ ကိန်းဂဏန်းများမှာ နည်းပါးနေသေးကြောင်း သိရှိရပါသည်။
ဥရောပ၏ အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီ၏ စီးပွားရေးသည် ပို့ကုန်တင်ပို့မှုအပေါ် အဓိက အခြေခံသည်ဖြစ်ရာ စက်မှုထုတ်ကုန်အမှာများ ကျဆင်းလာခြင်းသည် စီးပွားရေးတိုးတက်မှုကို အားနည်းသွားစေခဲ့ပြီး ဝယ်လိုအား ကျဆင်းလာခြင်း၊ ကုန်ကြမ်းအတွက် စရိတ်ကုန်ကျမှုများ မြင့်မားလာခြင်းနှင့် စွမ်းအင်စျေးနှုန်းများ မြင့်တက်လာခြင်းတို့ကလည်း ဂျာမန်စီးပွားရေး ဈေးကွက်ကို နှေးကွေးနေစေရန် ထပ်မံဖြည့်စွက်စေသကဲ့သို့ ဖြစ်ခဲ့ကြောင်း ဖော်ပြထားပါသည်။
Source: https://www.dw.com/en/germany-economy-grows-slightly-in-third-quarter/a-70637735
စီးပွားရေးသံမှူး၊ ဘာလင်