Korea

Novel Coronavirus ၏ စီးပွားရေးအပေါ်ရိုက်ခတ်လာမှုအခြေအနေများအား ကုစားနိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းငယ်များအတွက် ကိုရီးယားသမ္မတ နိုင်ငံအစိုးရမှ အရေးပေါ်ထောက်ပံ့ငွေအဖြစ် ဝမ်ငွေ ၅၀ ထရီလီယံ ခွင့်ပြုမည်

Last Updated:

၁၉−၃−၂၀၂၀ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတအိမ်ပြာတော် (Cheong Wa Dae) ၌ပြုလုပ်ခဲ့သော အရေးပေါ်စီးပွားရေးဆိုင်ရာကောင်စီအစည်းအဝေး၌ ကိုရီးယားဝမ် ၅၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၉ ဘီလီယံ) တန်ဖိုးရှိသော ဘဏ္ဍာရေးထောက်ပံ့မှုအစီအစဉ်တစ်ရပ်ကို သမ္မတမွန်ဂျေအင်းမှကြေငြာခဲ့ပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနများမှတာဝန်ရှိ အကြီးအကဲများနှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဖွဲ့စည်းထားသော အရေးပေါ်စီးပွားရေးဆိုင်ရာကောင်စီ (Emergency Economic Council-ECC)၏ ဖွင့်ပွဲအစည်းအဝေးတွင် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ၊ အသေးစားစီးပွားရေးလုပ်ငန်းရှင်များနှင့် တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းရှင်ငယ်များ၏ ကြုံတွေ့ရလျက်ရှိသည့် အခက်အခဲများကိုသက်သာစေရန် ကူညီဖြေရှင်းပေးနိုင်မည့်အစီအမံများကို အဓိကထား၍ဆွေးနွေးခဲ့ကြပါ သည်။ အဆိုပါအစည်းအဝေးသို့ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝန်ကြီး Hong Nam-ki၊ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများနှင့်တက်သစ်စလုပ်ငန်းများဝန်ကြီး ဌာန၏ ဝန်ကြီး Park Young-sunနှင့် Bank of Korea ဥက္ကဌ Lee Ju-yeol တို့သည် အခြားအစိုးရ အဖွဲ့ဝင်ပုဂ္ဂိုလ်များနှင့်အတူ တက်ရောက်ခဲ့ကြပါသည်။

ကမ္ဘာ့ကပ်ရောဂါ Novel Coronavirus (COVID-19)ကြောင့်ဖြစ်ပေါ်လာသော စီးပွားရေးဆိုင်ရာထိခိုက်မှုနှင့် အခြားနောက်ဆက်တွဲပြဿနာများ၊ ၎င်းတို့ကို ဖြေရှင်းမည့် အစီအမံများနှင့် ပတ်သက်၍ ပိုမိုလျှင်မြန်၍ထိရောက်မှုရှိစွာ အဆုံးအဖြတ်ပေး ဆောင်ရွက်နိုင်စေရန်အတွက် နောင် (၃)လတာ ကာလအထိ အရေးပေါ် စီးပွားရေးဆိုင်ရာကောင်စီ(Emergency Economic Council-ECC)၏အပတ်စဉ်အစည်းအဝေးတွင် သမ္မတမွန်ဂျေအင်းမှ ကိုယ်တိုင်ဦးစီး၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ယခုတစ်ပတ် အစောပိုင်းကာလကတည်းက ကြေငြာထားခဲ့ပြီးဖြစ်ပါသည်။ ယခု ကဲ့သို့ သမ္မတကိုယ်တိုင် ECC ကို ဦးစီးကွပ်ကဲမှုသည် ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေးအကျပ်အတည်း ကြုံတွေ့ပြီးခဲ့သည့်အချိန်မှစ၍ ပထမဆုံးအကြိမ်လည်းဖြစ်ပြီး၊ ဤအချင်း အရာသည် ဤခက်ခဲသည့် စီးပွားရေးအကျပ်အတည်း ပြဿနာကို ရအောင်ဖြေရှင်းမည့် သမ္မတမွန်ဂျေအင်း၏ ခိုင်မာသည့်ပြယုဂ် တစ်ခုလည်းဖြစ်ပါသည်။

ကမ္ဘာ့စီးပွားရေးအရေးပေါ်ဆိုင်ရာအခြေအနေများနှင့်ပတ်သက်၍ အစိုးရအနေဖြင့် အကောင်းဆုံးကိုင်တွယ်ဖြေရှင်းသွားရန်ဆုံးဖြတ်ထားပါကြောင်း၊ ယခု ECC ၏ ဖွင့်ပွဲအစည်းအဝေးသည် စီးပွားရေးလောကတွင် အခြေခံကျသော အသေးစား အလတ်စား SMEs လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းငယ်များ၊ တစ်ပိုင်တစ်နိုင်ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းရှင်ငယ်များ မကျရှုံးစေရေး၊ ဒေဝါလီ မခံရစေရေးအတွက် တတ်နိုင်သမျှကာကွယ်ဆောင်ရွက်သွားမည့် အစိုးရလုပ်ငန်းစဉ်များ၏ ပထမ ခြေလှမ်းပင်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဝမ် ၅၀ ထရီလီယံထောက်ပံ့မည့်အစီအစဉ်သည်  ပြည်သူ များ၏ အသက်မွေးဝမ်းကြောင်းမှုနှင့် လူမှုဘဝများတည်ငြိမ်စေရေး အတွက် အခြေခံကျသော ထို SMEs လုပ်ငန်းငယ်များကိုကူညီပံ့ပိုးပေးရန် အစိုးရ၊ Bank of Korea နှင့် ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူများမှ စီစဉ်ဆောင်ရွက် ထားခြင်းဖြစ်ကြောင်း၊ ဤအရေးအပေါ်ထောက်ပံ့ရေးအစီအစဉ်သည် COVID-19 ကူးစက်ရောဂါကြောင့် အဆိုးရွားဆုံးထိခိုက်လွယ်သော စီးပွားရေးအုပ်စုများ၏ ငွေကြေး အခက်အခဲများကို အဓိကထားဖြေရှင်းရန်ရည်ရွယ်ကြောင်း သမ္မတမွန်ဂျေအင်းမှထပ်လောင်း ပြောကြားခဲ့ပါသည်။

ပထမအဆင့်အနေဖြင့် အသေးစားစီးပွားရေးလုပ်ငန်းများ အထောက်အပံ့ရစေရန် ဝမ်ငွေ ၁၂ ထရီလီယံ ချထားပေးမည်ဖြစ်သည့်အတွက် အဆိုပါလုပ်ငန်းရှင်များသည် ၎င်းပမာဏဖြင့်မည် သည့်ဘဏ္ဍာရေးအဖွဲ့အစည်းထံမှမဆို အတိုးနှုန်းအနိမ့်ဆုံးဖြစ်သည့် ၁.၅ % ဖြင့် ချေးငွေရယူနိုင် မည်ဖြစ်ကြောင်း၊ ထို့နောက် အစိုးရ အနေဖြင့် ကိုရီးယားဝမ်ငွေ ၅.၅ ထရီလီယံဝမ်ကို အထူးအာမခံချေးငွေအစီအစဉ် (Special Loan Guarantee) အဖြစ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ အဆိုပါအစီအစဉ်သည် လက်ရှိအခြေအနေကို ခက်ခဲစွာရင်ဆိုင်ရပ်တည်နေရသည့် အသေးစား စီးပွားရေးလုပ်ငန်းပိုင်ရှင်များနှင့် တစ်ပိုင်တစ်နိုင် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းငယ်များကို ကူညီပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် အစိုးရအနေဖြင့် အသေးစားစီးပွားရေးလုပ်ငန်းများ၏ ချေးငွေပြန်ဆပ်ရန်ကိစ္စရပ်များအပေါ် ဝန်ထုပ်ဝန်ပိုးများကို လျှော့ချပေးနိုင်မည့်အစီအမံများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သမ္မတမွန်ဂျေအင်း၏ ထုတ်ဖော် ပြောကြားချက်အရ သိရှိရပါသည်။

သို့ရာတွင် Gyeonggi ပြည်နယ်အုပ်ချုပ်ရေးမှူး Lee Jae-myung ကဲ့သို့သော ဒေသန္တရ/ ပြည်နယ်အစိုးရအကြီးအကဲများကတောင်းဆိုခဲ့သည့် COVID-19 ကူးစက်ရောဂါဖြစ်ပွားမှု ကာလ တလျှောက်လုံးအတွက် အခြေခံဝင်ငွေဆိုင်ရာကိစ္စကိုမူ သမ္မတက တိတိကျကျထည့်သွင်းပြောကြား ခဲ့ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ သို့သော်လည်း ဤကူးစက်ရောဂါကြောင့် ပြည်သူလူထုများ ဝင်ငွေလျော့နည်းလာခြင်း၊ အလုပ်လက်မဲ့ဖြစ်လာခြင်းတို့အတွက်လည်း ထောက်ပံ့ သွားရန်လိုအပ်ကြောင်းကို သမ္မတမွန်​ဂျေအင်းကထောက်ပြ၍ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သို့ပါ၍ ၂၀−၃−၂၀၂၀ ရက်နေ့ The Korea Times သတင်းစာတွင် ဖော်ပြပါရှိသော Novel Coronavirus ၏စီးပွားရေးအပေါ် ရိုက်ခတ်လာမှုအခြေအနေများအား ကုစားနိုင်ရန် စီးပွားရေးလုပ်ငန်းငယ်များအတွက် အရေးပေါ်ထောက်ပံ့ငွေ ဝမ် ၅၀ ထရီလီယံအား ကိုရီးယားသမ္မတနိုင်ငံ အစိုးရမှ ခွင့်ပြုဆောင်ရွက်သွားမည့် သတင်းအား သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကိုရီးယားနိုင်ငံ)

Category: Korea