Thailand

ထိုင်းတောင်သူများအား ဓာတ်မြေဩဇာကုန်ကျစရိတ်အတွက် ထောက်ပံ့မည့် အစီအစဉ် ဘတ် ၂၉.၉ ဘီလီယံ လျာထားချက်အပေါ် ထိုင်းနိုင်ငံ၊ အစိုးရအဖွဲ့က ခွင့်ပြုခဲ့

Last Updated:

ယခုနှစ် စပါးစိုက်ပျိုးရာသီတွင် ၁၀ ရာခိုင်နှုန်းအထွက်တိုးစေရေးအတွက် ထိုင်းတောင်သူများအား ဓာတ်မြေဩဇာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ ဘတ် ၃၀ ဘီလီယံခန့် ထောက်ပံ့ပေးမည့် ဗဟို ဘတ်ဂျက် လျာထားသည့် အစီအစဉ်အပေါ် အစိုးရအဖွဲ့က ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

တောင်သူများ၏ ဓာတ်မြေဩဇာဝယ်ယူရာတွင် ကုန်ကျမည့် ကုန်ကျစရိတ် လျှော့ချရန်အတွက် ပူးတွဲပေးချေမှု ဓာတ်မြေဩဇာအစီအစဉ်နှင့်စပ်လျဉ်း၍ ဗဟိုအရေးပေါ်ရန်ပုံငွေအပေါ် အစိုးရအဖွဲ့က ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ အစီအစဉ်အရ အစိုးရအနေဖြင့် ဓာတ်မြေဩဇာကုန်ကျစရိတ်အပေါ် လယ် သမားများအား ၁ ရိုင်လျှင် ဘတ် ၅၀၀ နှုန်းဖြင့် အများဆုံး တစ်ဦးလျှင် ရိုင် ၂၀ အတွက် ထောက်ပံ့ ပေးသွားမည် ဖြစ်ပြီး ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီအတွက်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့မှ ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ဖြစ်ကြောင်း၊ တောင်သူများသည် ဓာတ်မြေဩဇာများကို အစိုးရ အဖွဲ့အစည်းထံတွင် မှတ်ပုံတင်ထားသော စတိုးဆိုင်များမှ ဈေးကွက်ဈေးနှုန်းထက် လျော့ပေါ့ဈေးနှုန်း ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ ဝယ်ယူမှုတွင် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမဘဏ်၏ Application ကို အသုံးပြုရမည်ဖြစ်ကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Chai Wachronke က ပြောကြားခဲ့ပါသည်။

အစီအစဉ်တွင် ပါဝင်ဆောင်ရွက်လိုသူ တောင်သူများအနေဖြင့် ဘဏ်တွင် မှတ်ပုံတင်ရမည်ဖြစ် ကြောင်း၊ တောင်သူ ၄.၆၈ သန်းသည် အစီအစဉ်မှ အကျိုးခံစားခွင့်ရရှိမည် ဖြစ်ကြောင်း၊  ၂၀၂၃ ခုနှစ်က အစိုးရအနေဖြင့် တောင်သူများကို ထောက်ပံ့ပေးရန် ဘတ် ၅၆ ဘီလီယံ သုံးစွဲခဲ့ပါကြောင်း၊ ယင်းကဲ့ သို့သော ဘဏ္ဍာငွေထောက်ပံ့မှုသည် မြေပိုင်ရှင်ထံသို့သာ ရောက်ရှိသွားပါကြောင်း၊ ထို့ကြောင့် ယခုနှစ် တွင် အမှန်တကယ်စိုက်ပျိုးသူများကို အကျိုးရှိစေလိုသဖြင့် ဓာတ်မြေဩဇာကုန်ကျစရိတ်အပေါ် ထောက်ပံ့ပေးသည့်  အစီအစဉ်ကို ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရအဖွဲ့က ရေစီမံခန့်ခွဲမှုနှင့် သိုလှောင်မှုအတွက် ဘတ် ၄.၇ ဘီလီယံကိုလည်း ခွင့်ပြုပေးခဲ့ပါကြောင်း Mr. Chai က ဖြည့်စွက် ပြောကြားခဲ့သည်။

ယခုနှစ်တွင် မိုးရွာသွန်းမှုသည် ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်း ပိုမိုရွာသွန်းနိုင်သည်ဟု ဝန်ကြီး ချုပ်၏ မှတ်ချက်ကြောင့် မြင့်တက်လာမည့် ရေပမာဏကို နေရာချရန် အစီအစဉ်ပြင်ဆင်ရခြင်း ဖြစ်ကြောင်း၊ မြေယာ ၁၂၅,၀၀၀ ရိုင်သည် မူဝါဒကြောင့် အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပြီး ရေသိုလှောင်မှု သည် ၁၁၅ သန်းကုဗမီတာနှင့် ပြည်သူ ၆၇,၀၀၀ ကို အထောက်အကူပြုမည် ဖြစ်ကြောင်း သိရှိရပါ သည်။

 

Source: www.bangkokpost.com

စီးပွား‌ရေးသံမှူး (ဗန်ကောက်မြို့)

Category: Thailand