Thailand

ထိုင်းနိုင်ငံ၏ စီးပွားရေးမြှင့်တင်ရန်အတွက် ဗီဇာကင်းလွတ်ခွင့်များ တိုးမြှင့်ဆောင်ရွက်ရန် အစိုးရ အဖွဲ့က ခွင့်ပြုခဲ့

Last Updated:

ထိုင်းနိုင်ငံတွင် ခရီးသွားများ ပိုမိုဆွဲဆောင်ရန်ရည်ရွယ်၍ နိုင်ငံများစွာအား ဗီဇာကင်းလွတ် ခွင့်နှင့် ဆိုက်ရောက်ဗီဇာနည်းလမ်းများ ဆောင်ရွက်ပေးခြင်းအပြင် အသက် ၅၀ နှစ်နှင့်အထက် တစ်ဦး ချင်းစီတွင် ကျန်းမာရေးအာမခံလိုအပ်ချက်လျှော့ချပေးခြင်းတို့ ဆောင်ရွက်ရန်အတွက် အစိုးရအဖွဲ့က ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် နိုင်ငံ၏ စီးပွားရေးများစွာမှီတည်နေသော ခရီးသွားကဏ္ဍ တိုးမြှင့်စေရန်ဖြစ်ကြောင်း၊ ယခင် ၅၇ နိုင်ငံကိုသာ ဗီဇာကင်းလွတ်ခွင့်ပြုခဲ့သော်လည်း ယခုအခါ ဩစတြေးလျ၊ ဘာရိန်း၊ ကနေဒါ၊ ဒိန်းမတ်၊ အက်စ်တိုနီးယားနှင့် ပြင်သစ်အပါအဝင် နိုင်ငံ ၉၃ နိုင်ငံမှ နိုင်ငံသားများသည် ဗီဇာမလိုအပ်ဘဲ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ပြီဖြစ်ပြီး ရက်ပေါင်း ၆၀ နေထိုင်နိုင်ပြီဖြစ်ကြောင်း၊ ဆိုက်ရောက်ဗီဇာဆောင်ရွက်နိုင်သည့် နိုင်ငံစာရင်းကိုလည်း ထပ်တိုးပေးခဲ့ ပါကြောင်း၊ ဧည့်သည်များ ကာလရှည်နေထိုင်နိုင်ရန် ရက်ပေါင်း ၁၈၀ နေထိုင်နိုင်သည့် ဗီဇာကိုင်ဆောင် ထားသူများအနေဖြင့် ထပ်တိုး ရက်ပေါင်း ၁၈၀ နေထိုင်ခွင့်ပြုမည့် ဗီဇာအသစ်ထုတ်ပေးသွားမည် ဖြစ် ကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Chai Wacharonke က ပြောကြားခဲ့ပါသည်။

မွေထိုင်းနှင့် ထိုင်းဟင်းလျာများ သင်ယူမည့်သူများ၊ ဒီဂျစ်တယ်ပညာရှင်များနှင့် အလွတ်တန်း ပညာရှင်များအတွက် ရည်ရွယ်သည့် ဗီဇာသည် ၅ နှစ် သက်တမ်းဖြစ်မည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ တက္ကသိုလ်များတွင် တက်ရောက်ခွင့်ရရှိသူများသည် ယခင်က စာသင်နှစ်ပြီးလျှင်ပြီးချင်း ထိုင်းနိုင်ငံ အတွင်းမှ ထွက်ခွာရသော်လည်း ယခု စည်းမျဉ်းအသစ်အရ ဘွဲ့ယူပြီးနောက် ၁ နှစ်ဆက်လက်၍ ထိုင်း နိုင်ငံတွင် နေထိုင်နိုင်မည် ဖြစ်ကြောင်း၊ နေထိုင်နေစဉ်ကာလအတွင်း ထိုင်းအစိုးရက လိုအပ်သောကဏ္ဍ များတွင်  အလုပ်အကိုင်ရှာဖွေနိုင်မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဘွဲ့ရများသည် နိုင်ငံအတွင်းတွင် ၄၀,၀၀၀ ဦးခန့်ရှိကြောင်း Mr. Chai က ဆက်လက်ပြောကြားပါသည်။

ထိုင်းနိုင်ငံတွင် ကာလရှည်နေထိုင်လိုသည့် အသက် ၅၀ နှင့်အထက် ဧည့်သည်များသည် ကျန်းမာရေးအာမခံ ဘတ် ၄၄၀,၀၀၀ သာ လိုအပ်တော့ပါကြောင်း၊ ၄၀၀,၀၀၀ မှာ ဆေးရုံတွင် တက် ရောက်ကုသရန်နှင့် ၄၀,၀၀၀ မှာ ပြင်ပလူနာအဖြစ် အသုံးပြုရန် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ လိုအပ်ချက် များသည် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ကာလရှည်နေထိုင်ရန် လျှောက်ထားလာသူများ အတွက် ဖြစ်ကြောင်း Mr. Chai က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ခရီးသွားလုပ်ငန်းအပေါ် များစွာမှီတည်နေရသော ထိုင်းနိုင်ငံအတွက် ခရီးသွားများလာရောက်မှု မြှင့်တင်နိုင်ရေးအတွက် ဗီဇာဆိုင်ရာ ကိစ္စရပ်များနှင့် ကာလရှည်နေထိုင်သူများအတွက် ဗီဇာနှင့် ကျန်း မာရေးအာမခံကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand