Japan

Panasonic ကော်ပိုရေးရှင်းက ၂၀၂၀ ခုနှစ်တွင် ၎င်း၏အသားတင်အမြတ်ဝင်ငွေ ၂၁ % ခန့် ကျဆင်းနိုင်ကြောင်း ခန့်မှန်း

Last Updated:

Panasonic ကော်ပိုရေးရှင်းသည် ကိုရိုနာကပ်ရောဂါပြန့်ပွားမှုကြောင့် ပြည်တွင်းနှင့်ပြည်ပရှိ ထုတ်လုပ်မှုများထိခိုက်ခဲ့ရခြင်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် လျှပ်စစ် ပစ္စည်းအစိတ်အပိုင်းများ ဝယ်လိုအားကျဆင်းလာခဲ့ခြင်းကြောင့် ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ၎င်း၏ အသားတင်အမြတ်ဝင်ငွေမှာ ယခင် ၂၀၁၉ ဘဏ္ဍာရေးနှစ်၏ အသားတင်အမြတ် ဝင်ငွေ ယန်း ၂၂၅.၇၁ ဘီလီယံထက် ၂၀.၆ %  ခန့် ကျဆင်းနိုင်မည်ဟု ခန့်မှန်းထားပါသည်။

Panasonic အနေဖြင့် လက်ရှိဘဏ္ဍာရေးနှစ်ဝက်နောက်ပိုင်းတွင်း ဝယ်လိုအားပြန်လည်မြင့်တက်လာရန် မျှော်မှန်းထားသော်လည်း ၎င်း၏ဝင်ငွေလျာထားချက်ကို ပြည့်မီနိုင်ခြင်းရှိမည်မဟုတ်ဟု ခန့်မှန်းထားပါသည်။ ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် Panasonic အုပ်စုသည် လုပ်ငန်းလည်ပတ်မှုအမြတ်အစွန်း ၂၈.၆ %  (ယန်း ၂၉၃.၇၅ ဘီလီယံ) ခန့် လျော့ကျခဲ့ကြောင်း သိရပါသည်။

Panasonic ၏ ဘဏ္ဍာရေးအကြီးအကဲဖြစ်သူ Hirokazu Umeda က လက်ရှိဘဏ္ဍာရေးနှစ်လယ်ခန့်တွင် အခြားသောနိုင်ငံများအနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင် ကောင်းစတင်နိုင်မည်ဖြစ်သဖြင့် ၎င်းတို့၏ ကုန်ပစ္စည်းများ ဝယ်လိုအားပြန်လည် မြင့်တက်လာရန် မျှော်မှန်းပါကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၀ နှစ် စမှစ၍ရောင်းအား ၂၀ % ကျဆင်းခဲ့ပြီး ဧပြီလအတွင်း မြောက်အမေရိကဒေသတွင် ရောင်းအား ၅၀ % ဖြင့် အမြင့်ဆုံးကျဆင်းခဲ့ပါကြောင်း၊ သို့သော်လည်း တရုတ်နိုင်ငံတွင်မူ စီးပွားရေး လုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်သဖြင့် အခြေအနေမှာ အနည်းငယ်ပြန်လည်တည်ငြိမ်လာနေပါကြောင်း ပြောကြားခဲ့ပါသည်။

၂၀၁၉ ခုနှစ်အတွင်း ကုမ္ပဏီအနေဖြင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ဝယ်လိုအား ကျဆင်းမှုရင်ဆိုင်ခဲ့ရပြီး အထူးသဖြင့် ဥရောပဒေသတွင် ဝယ်လိုအား သိသိသာသာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံတွင်လည်း မော်တော်ကားဆက်စပ်ပစ္စည်းများ ရောင်းအား ကျဆင်းခဲ့မှုနှင့်လည်း တွေ့ကြုံခဲ့ရပါသည်။

လက်ရှိတွင် ကိုရိုနာကပ်ရောဂါပြန်ပွားမှုသည် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်လုံးကို အဟန့်အတားဖြစ်စေပြီး နိုင်ငံအများမှအစိုးရများက stay-at-home နေထိုင်ကြရန် တိုက်တွန်းမှုများကြောင့် ကုမ္ပဏီအနေဖြင့် ပြည်တွင်းထုတ်လုပ်မှုများ ရပ်ဆိုင်းထား ရသကဲ့သို့ တရုတ်၊ မလေးရှားနှင့် အိန္ဒိယတို့ရှိ စက်ရုံများကိုလည်း ရပ်နားထားရကြောင်းသိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan