China(Nanning)

RCEP အသက်ဝင်လာပြီးနောက် ကုန်သွယ်မှုများနှင့် RCEP ပင်ရင်းနိုင်ငံသက်သေခံ လက်မှတ်များ အသုံးပြုမှု များပြားလာ

Last Updated:

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (RCEP) မှှာ အသက်ဝင်လာပြီ ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်သို့ ကူးပြောင်းခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ကုန်တင်ရထားတစ်စီး ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာခဲ့ပါသည်။  တရုတ်နှင့် ဗီယက်နမ်နှစ်နိုင်ငံလုံးမှာ RCEP အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြပါသည်။

၂၀၂၂ ခုနှစ်တွင် ပထမဆုံးကုန်တင်ရထားအဖြစ် ဗီယက်နမ်သို့ ထွက်ခွာခဲ့သည့် ၎င်းရထားပေါ်တွင် လျှပ်စစ်ပစ္စည်းများ၊ နိစ္စဓူဝသုံး လူသုံးကုန်ပစ္စည်းများနှင့် ဓာတု ဗေဒပစ္စည်းများကို တင်ဆောင်ခဲ့ကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁၀) သန်းခန့်ရှိပါသည်။ ၎င်းရထား နန်နင်းမှ ဟနွိုင်းသို့ရောက်ရှိရန် (၂၈) နာရီသာ ကြာမြင့်ပါသည်။

ဇန်နဝါရီလ (၁) ရက်နေ့မှာပင် ဂျပန်နိုင်ငံမှ reflective ဖလင်ပြား တန်ချိန် (၅.၆) တန်မှာ ကွမ်တုန်းပြည်နယ်၊ ရှန်းကျန့်ဆိပ်ကမ်းသို့ ဆိုက်ရောက်လာပြီး၊ ၎င်း ဖလင်ပြားများကို မိုဘိုင်းလ်ဖုန်းများ၊ ဒစ်ဂျစ်တယ်ကင်မရာများနှင့် အခြားလျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုမည်ဟုသိရပါသည်။ RCEP သဘောတူညီ ချက်ကို အကောင်အထည်ဖော်လာခြင်းကြောင့် ၎င်းဖလင်ပြားများအတွက် ပေးဆောင်ရမည့်အကောက်ခွန်များအနက် ယွမ်ငွေ (၆) ထောင်ခန့် သက်သာသွားသည် ဟု သိရပါသည်။

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်တွင်လည်း ဇန်နဝါရီလ (၁) ရက်နေ့၌ Zhuzhou Cemented Carbide Works Imp& Exp Co အပါအဝင် ကုမ္ပဏီများထံ RCEP ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်များကို အကောက်ခွန်အာဏာပိုင်များက ထုတ်ပေးခဲ့ပါသည်။

China Council for the Promotion of International Trade (CCPIT) မှ အချက်အလက်များအရ ဇန်နဝါရီလ (၁) ရက်နေ့တွင်  CCPIT က  တရုတ်နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ် (၁၂) ပြည်နယ်တွင် စီးပွားရေးကုမ္ပဏီ (၉) ခုအတွက် RCEP လက်မှတ် (၁၅၈) စောင် ထုတ်ပေးခဲ့ကြောင်း၊  ဇန်နဝါရီလ (၅) ရက်နေ့ရှိ စာရင်းများအရ ပြည်နယ် (၁၈) ပြည်နယ်တွင် စီးပွားရေးလုပ်ငန်း (၁၃၅) ခုအတွက် RCEP Rules of Origin လက်မှတ်ပေါင်း (၂၇၅) စောင်ကို ထုတ်ပေးပြီးဖြစ်ကြောင်း သိရပါသည်။ ၎င်းလက်မှတ်များတွင်ပါရှိသည့် ပို့ကုန်တင်ပို့မည့်နေရာများမှာ ဂျပန်၊ ဩစတြေးလျနှင့် ကိုရီးယားတို့ဖြစ်ကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁၉) သန်းတန်ဖိုး ရှိသည့် အထည်အလိပ်၊ ဓာတုဗေဒပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ စားသောက်ကုန်များစသည့် ပို့ကုန်ပစ္စည်းများဖြစ်ကြကာ၊ ၎င်းလက်မှတ်များမှ အခွန်သက်သာခွင့် အမေရိကန်ဒေါ်လာ (၂၂၀,၀၀၀) ခန့် ရရှိခံစားနိုင်မည်ဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် RCEP သဘောတူစာချုပ်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်းအဖွဲ့ဝင် (၁၀) နိုင်ငံ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်စသည့် အာရှနှင့် ပစိဖိတ်နိုင်ငံပေါင်း (၁၅) နိုင်ငံ ပါဝင်ပါသည်။ စာချုပ်ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးစည်း မျဉ်းများကို အကောင်းဆုံးဖြစ်စေခြင်း၊ ထိရောက်သည့်လုပ်ထုံးလုပ်နည်းများနှင့် ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍများနှင့် ရင်းနှီးမြှုပ်နှံမှုတို့အပေါ် ပိုမိုကျယ်ပြန့်စွာ တံခါးဖွင့်ပေးခြင်းတို့ကြောင့် အဖွဲ့ဝင်နိုင်ငံများရှိ လုပ်ငန်းများထံ လက်တွေ့အကျိုးကျေးဇူးများသယ်ဆောင်လာနိုင်မည်ဟု ယုံကြည်မျှော်လင့်ထားကြပါသည်။ RCEP အောက်တွင် ပေါ်ပေါက်လာမည့် ဖွံ့ဖြိုးမှုအခွင့်အလမ်းသစ်များနှင့် အလားအလာသစ်များက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြန်လည်နာလန်ထူလာရေးသို့ အရှိန်အဟုန် ဖြင့် ပါဝင်ဖြည့်ဆည်းပေးနိုင်မည်ဟုလည်း ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

 ရင်းမြစ်၊  China Daily Global (၁၂-၁-၂၀၂၂)

Category: China(Nanning)