တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုနှေးကွေးလာခြင်းနှင့် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများမြင့်မားလာခြင်းတို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း တောင်ကိုရီးယားနိုင်ငံရှိ လုပ်ငန်းရှင်များ၏ စီးပွားရေးအပေါ်ခံယူချက်(Business Sentiment)တွင် စိုးရိမ်ပူပန်မှုများရှိနေသည်ဟု ၂၆-၆-၂၀၂၅ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
Business Sentiment ဆိုသည်မှာ လက်ရှိနှင့် အနာဂတ်စီးပွားရေးအခြေအနေများနှင့် စီးပွားရေးအလားအလာများအပေါ် စီးပွား ရေးလုပ်ငန်းရှင်များ၏သဘောထား၊ ခံယူချက်နှင့် မျှော်မှန်းချက်များပင်ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း လုပ်ငန်းရှင်များ၏ စီးပွားရေးအပေါ်ခံယူချက်တွင် စိုးရိမ်ပူပန်မှုများရှိနေခြင်းသည် လေးလအတွင်းပထမဆုံးအကြိမ်ပင်ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ စီးပွားရေးလုပ်ငန်းကဏ္ဍအားလုံးရှိကုမ္ပဏီများက စီးပွားရေးအခြေအနေများအပေါ် ခြုံငုံသုံးသပ်ချက်ကို တိုင်းတာသည့်ညွှန်းကိန်း(Composite Business Sentiment Index-CBSI)သည် ဇွန်လတွင် ၉၀.၂ သာရှိနေရာ မေလကညွှန်းကိန်းထက် ၀.၅ ပွိုင့်ကျဆင်းခဲ့ကြောင်း၊ ယင်းသို့ ယခင်လနှင့်နှိုင်းယှဉ်လျှင် CBSI ကျဆင်းခြင်းသည် ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဗဟိုဘဏ်၏အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
ကော်ပိုရေးရှင်းကြီးများ၏ စီးပွားရေးလုပ်ငန်းများအခြေအနေအားလုံးအပေါ် လွှမ်းခြုံသည့်အမြင်ကိုတိုင်းတာသည့် CBSI ညွှန်းကိန်းသည်လည်း ၁၀၀ အောက်ရောက်ရှိသည့်အတွက် လုပ်ငန်းရှင်များအကြား စိုးရိမ်ပူပန်မှုသည် အပြုသဘောဆောင်သည့်မျှော်လင့် ချက်များထက် ပိုမိုသည်ကိုညွှန်ပြနေပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း ကုန်ထုတ်လုပ်သူများ၏အမြင်ကို တိုင်းတာသည့် CBSI ညွှန်းကိန်းသည်လည်း ၂၀၂၅ ခုနှစ်၊ မေလညွှန်းကိန်းထက် ၀.၃ ပွိုင့်ကျဆင်းသွားပြီး ၉၄.၄ အထိရောက်ရှိခဲ့ကြောင်း၊ ကုန်ထုတ်လုပ်သူများမဟုတ်သူများ၏ အမြင်သည်လည်း ၀.၇ ပွိုင့်ကျဆင်းသွားပြီး ၈၇.၄ အထိကျဆင်းသွားကြောင်း၊ ယင်းသို့ CBSI ညွှန်းကိန်းများကျဆင်းခြင်းသည် စတီးလ်၊ အလူမီနီယံနှင့် ဆက်စပ်ပစ္စည်းများအပေါ်ချမှတ်သည့် အမေရိကန်ပြည်ထောင်စု၏ စည်းကြပ်ခွန်များတိုးမြှင့်ကောက်ခံမှုအပေါ် စိုးရိမ်ပူပန်မှုများကို ထင်ဟပ်စေသည့်အပြင် အရှေ့အလယ်ပိုင်းဒေသတွင်း အငြင်းပွားမှုများကြောင့် ဖြစ်ပေါ်လာသော ပထဝီနိုင်ငံရေးတင်းမာမှုများအပေါ် စိုးရိမ်ပူပန်မှုများကိုထင်ဟပ်စေကြောင်း ဗဟိုဘဏ်မှအရာထမ်း Mr. Lee Hye-young က သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွက် CBSI ညွှန်းကိန်းသည်လည်း ၀.၁ ပွိုင့်ကျဆင်းပြီး ၈၉.၄ အထိကျဆင်းခဲ့ကြောင်း၊ သို့ဖြစ်၍ အမေ ရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား စည်းကြပ်ခွန်ဆိုင်ရာညှိနှိုင်းဆွေးနွေးမှုများကို အနီးကပ်စောင့်ကြည့်လေ့လာရန်လိုအပ်သည့်အပြင် ဖြည့်စွက်ဘတ်ဂျက်ချထားပေးရာတွင်လည်း အချိန်ကိုက်ချထားပေးရန်လိုအပ်ကြောင်း Mr. Lee Hye-young က ထပ်မံပြောကြားခဲ့ပါသည်။
အဆိုပါ CBSI ဆိုင်ရာအချက်အလက်များရရှိရန် ဗဟိုဘဏ်သည် ဇွန်လအစောပိုင်းတွင် စစ်တမ်းတစ်ခုကိုဆောင်ရွက်ခဲ့ပြီး အဆိုပါစစ်တမ်းတွင် ကုမ္ပဏီစုစုပေါင်း ၃,၂၅၄ ခုပါဝင်ခဲ့ကြောင်း၊ ၎င်းတို့အနက် ကုန်ထုတ်လုပ်သည့်ကုမ္ပဏီစုစုပေါင်း ၁,၈၃၉ ခုပါဝင်ခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါသည်။
Source: Korea Times
(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)