Japan

ကလေးသူငယ်စောင့်ရှောက်ရေးမူဝါဒ(Child Care Policy)ကို ဂျပန်နိုင်ငံ အတည်ပြုထုတ်ပြန်

Last Updated:

ဂျပန်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံအတွင်း ကလေးမွေးဖွားနှုန်းကျဆင်းလာမှုကို ဖြေရှင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကလေး သူငယ်စောင့်ရှောက်ရေးမူဝါဒ (Child Care Policy) ကို ၂၀၂၃  ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် အစိုးရအဖွဲ့က အတည်ပြုထုတ်ပြန်ခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်နိုင်ငံ၌ လူဦးရေလျော့နည်းကျဆင်းလာခြင်းသည် နိုင်ငံ၏ လူမှုစီးပွားရေးဆိုင်ရာလုပ်ငန်းများအားလုံးအပေါ် ဆိုးကျိုးသက်ရောက်စေမည်ဖြစ်သည့်အတွက် အဓိကဖြေရှင်းဆောင်ရွက်ရမည့်ကိစ္စရပ်ဖြစ်ကြောင်း ဝန်ကြီးချုပ်ခီရှိဒက ပြောကြားထားပါကြောင်း၊ အစိုးရ၏စီးပွားရေးမူဝါဒများတွင် လူငယ်များအတွက် ဝင်ငွေပိုမိုရရှိစေရေးနှင့် ကလေးမိဘများအား ပံပိုးပေးနိုင်ရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ကလေးငယ်များပြုစုပျိုးထောင်ရန် ကုန်ကျစရိတ်မတတ်နိုင်သည့်အတွက် အများစုမှာ ကလေးမွေးဖွားလိုခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် ကလေးမွေးဖွားနှုန်းမြင့်တက်လာစေရန်ရည်ရွယ်၍ ကလေးသူငယ် စောင့်ရှောက်ရေးမူဝါဒကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါမူဝါဒကို (၃)နှစ်ကြာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကလေးသူငယ်စောင့်ရှောက်ရေးအတွက် တစ်နှစ်လျှင် ယန်း ၃.၅ ထရီလီယံပိုမိုသုံးစွဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ အစိုးရအနေဖြင့် လက်ရှိတွင် ကလေးအသက် ၂ နှစ်ရှိပြီး အစိုးရက သတ်မှတ်ထားသည့် ဝင်ငွေပမာဏအောက်ရှိသော မိဘများအတွက် ကလေးတစ်ဦးလျှင် လစဉ် ယန်း ၁၅,၀၀၀၊ အသက် ၃ နှစ် နှင့် ၁၅ နှစ်ကြားရှိသော ကလေးတစ်ဦးအတွက် တစ်လလျှင် ယန်း ၁၀,၀၀၀ ထောက်ပံ့လျက်ရှိပါသည်။ ယခုအစီအစဉ်အသစ်တွင် ဝင်ငွေပမာဏကန့်သတ်ချက်ကိုပယ်ဖျက်ကာ အသက် ၁၈ အောက် ကလေးရှိသည့်အိမ်ထောင်စုများအနေဖြင့် တစ်ဦးလျှင် တစ်လယန်း ၁၀,၀၀၀ ထောက်ပံ့ငွေရရှိမည်ဖြစ်ပါသည်။ ကလေး(၃)ဦးနှင့်အထက်ရှိသည့် အိမ်ထောင်စုများအတွက် ကလေးတစ်ဦးလျှင် ယန်း ၃၀,၀၀၀ ရရှိမည်ဖြစ်ပြီး အထက်တန်းပြီးဆုံးသည်အထိ အစိုးရက ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထား ပါသည်။

အစိုးရအနေဖြင့် ကလေးမွေးဖွားစရိတ်များထောက်ပံ့ပေးနိုင်ရေးနှင့် ကလေးသူငယ်များစောင့်ရှောက်နိုင်ရေးအတွက် အလုပ်မှ ခွင့်ယူရသည့်အခါမျိုးတွင် ပံ့ပိုးငွေများထောက်ပံ့ပေးနိုင်ရေးအတွက်ပါ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထိုသို့ထောက်ပံ့မှုများ ပြုလုပ်နိုင်ရေးအတွက် လုံလောက်သည့်ရန်ပုံငွေရရှိနိုင်ရေး အစိုးရအနေဖြင့် ဆန်းစစ်မှုများဆောင်ရွက်လျက်ရှိကြောင်းနှင့် အခွန်ထမ်းပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် ကလေးမွေးဖွားနှုန်းမှာ ၁.၃၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၁.၂၆ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။  ၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ ကလေးမွေးဖွားမှုမှာ ၇၇၀,၇၄၇ ဦးရှိခဲ့ပြီး ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၄၀,၈၇၅ ဦး ကျဆင်းခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် အရေအတွက် ၈၀၀,၀၀၀ ဦးအောက် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ အဆိုပါအရေအတွက်မှာ ၁၉၄၉ ခုနှစ်တွင် မွေးဖွားခဲ့သည့် ကလေးအရေအတွက် ၂.၇ သန်းနှင့်နှိုင်းယှဉ်ပါက ၃ ပုံ ၁ ပုံအောက်သာရှိကြောင်း ဖော်ပြထားပါသည်။  ထိုသို့ကလေးမွေးဖွားနှုန်းကျဆင်းလာမှု ပိုမိုမြန်ဆန်လာသည့်အခြေအနေသည် အစိုးရအပေါ် အဆိုပါကိစ္စအား အလေးထားဆောင်ရွက်ရန် သတိပေးနေသကဲ့သို့ဖြစ်စေပါကြောင်း၊ ကလေးမွေးဖွားနှုန်းမှာ လွန်ခဲ့သောဆယ်စုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၂၀ ပြည့်နှစ်တွင် ၂၀ ရာခိုင်နှုန်း ကျဆင်းလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့ ဆက်လက်ကျဆင်းနေမည်ဆိုပါက ကလေးမွေးဖွားနှုန်းမှာ ၂၀၆၀ ပြည့်နှစ်တွင် ၅၀၀,၀၀၀ အောက်ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။

ယခုကဲ့သို့ ဆက်လက်၍ ကလေးမွေးဖွားနှုန်းကျဆင်းနေမည်ဆိုပါက ဂျပန်နိုင်ငံ၏ လူမှုစီးပွားရေးစနစ်ကို ထိန်းသိမ်းနိုင်ရန် ခက်ခဲစေမည်ဖြစ်ကာ ကမ္ဘာ့တတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်မှုအပေါ်ဆိုးကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source : The Japan Times (14-6-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan