India (Delhi)

BRICS အုပ်စု၏ နှစ်ပတ်လည်ထိပ်သီးတွေ့ဆုံပွဲမတိုင်မီ အဖွဲ့သို့ဝင်ရောက်ရန် အဆိုပြုထားသည့်နိုင်ငံ ၁၉ နိုင်ငံရှိ

Last Updated:

BRICS အုပ်စု၏ နှစ်ပတ်လည်ထိပ်သီးတွေ့ဆုံပွဲကို တောင်အာဖရိကနိုင်ငံတွင် ကျင်းပရန် စီစဉ်ဆောင်ရွက်နေကြောင်းနှင့် ယင်းအဖွဲ့သို့ဝင်ရောက်ရန် အဆိုပြုထားသည့် နိုင်ငံပေါင်း ၁၉ နိုင်ငံရှိသည်ဟုသိရှိရကြောင်း Business Standard သတင်းစာက ဖော်ပြထားပါသည်။

ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိကနိုင်ငံများပါဝင်သော ထွန်းသစ်စဈေးကွက်အုပ်စု၏ နှစ်ပတ်လည်ထိပ်သီးတွေ့ဆုံပွဲကို ဇွန်လ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် တောင်အဖရိကနိုင်ငံကိတ်တောင်းမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ဖြစ်ပြီး အဖွဲ့ဝင်သစ်နိုင်ငံများအတွက် ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်ကြောင်း တောင်အာဖရိကနိုင်ငံ၏ BRICS အုပ်စုဆိုင်ရာ သံအမတ်ကြီးဖြစ်သူ  Anil Sooklal  က တနင်္လာနေ့က ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ကြောင်းဖော်ပြထားပါသည်။

BRICS အုပ်စုကြီးထွားလာစေရေးနှင့် အနာဂါတ်တွင် ဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်းပြီး Anil Sooklal  က BRICS အုပ်စုသို့ဝင်ရောက်ရန် နိုင်ငံ ၁၃ နိုင်ငံက တရားဝင်ဆက်သွယ်ထားပြီး နိုင်ငံ ၆ နိုင်ငံက အလွတ်သဘောဆက်သွယ်မေးမြန်းထားပါကြောင်းနှင့် ဝင်ရောက်ရန်  အဆိုပြုလွှာများနေ့စဉ် လက်ခံရရှိနေသည်ဟု ပြောကြားထားပါသည်။

BRICS အုပ်စုကြီးထွားရေးကို ပြီးခဲ့သည့်နှစ်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သည့် တရုတ်နိုင်ငံက စတင်အဆိုပြုဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂတွင် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လွှမ်းမိုးမှုကို တုန့်ပြန်နိုင်ရန်နှင့် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအုပ်စုအတွက် သံတမန်ရေးရာဩဇာသက်ရောက်မှုရှိစေရန်အတွက်ဖြစ်ကြောင်း၊ သို့ရာတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရုတ်နှင့်ရင်းနှီးသည့်အဖွဲ့ဝင်နိုင်ငံများ ဝင်ရောက်လာပြီး လွှမ်းမိုးချုပ်ကိုင်မှုများကြောင့် အဖွဲ့အစည်း၏ ဆောင်ရွက်ချက်များအားနည်းသွားမည်ကိုလည်း စိုးရိမ်လျက်ရှိကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံ၏ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးသည် အခြားအဖွဲ့ဝင်နိုင်ငံလေးနိုင်ငံ၏ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးထက်နှစ်ဆရှိကြောင်း Business Standard သတင်းစာက ဖော်ပြထားပါသည်။

Anil Sooklal ၏ပြောကြားချက်အရ ဇွန်လအတွင်းပြုလုပ်မည့်ဆွေးနွေးပွဲသို့ အဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ကြမည်ဟု အတည်ပြုထားကြောင်း၊ အစည်းအဝေးတွင် အဖွဲ့ဝင်သစ်နိုင်ငံများလက်ခံရေးကိစ္စရပ်များအပြင် ပဋိပက္ခဖြစ်ပွားပြီး ၁၀ ရက်အကြာတွင် အပစ်အခတ်ရပ်စဲခြင်းဆွေးနွေးမည့် ဆူဒန်အရေးကိစ္စရပ်များအပါအဝင် လတ်တလောဖြစ်ပွားနေသည့် အကြောင်းအရာများကိုလည်း ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရပါ သည်။

BRIC အုပ်စုသည် ၂၀၀၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကတည်းက တောင်အာဖရိကနိုင်ငံ တစ်နိုင်ငံတည်းကိုသာ ၂၀၁၀ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ထပ်တိုးလက်ခံခဲ့ပါကြောင်း၊ ယခုတရားဝင် ဝင်ရောက်ခွင့်လျှောက်ထားသည့်နိုင်ငံများတွင် ဆော်ဒီအာရေဗျနှင့် အီရန်နိုင်ငံတို့ပါဝင်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံအဖြစ်လျှောက်ထားရန် စိတ်ဝင်စားသည့်နိုင်ငံများတွင် အာဂျင်တီးနား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အယ်လ်ဂျီးရီးယား၊ အီဂျစ်၊ ဘာရိန်း၊ အင်ဒိုနီးရှားနှင့် အာဖရိကအရှေ့ပိုင်းမှ နှစ်နိုင်ငံ၊ အာဖရိကအနောက်ပိုင်းမှ တစ်နိုင်ငံတို့ ပါဝင်ကြောင်း Anil Sooklal  က ပြောကြားထားပါသည်။

လက်ရှိတွင် BRICS အုပ်စုသည် ဖွဲ့ဖြိုးပြီးနိုင်ငံများအုပ်စု - (G7) ထက် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) နှင့် ဝယ်ယူသုံးစွဲနိုင်အား(Purchasing Power Parity - PPP) တို့တွင် သာလွန်လျက်ရှိပြီး အဖွဲ့ဝင်နိုင်ငံများ၏ လူဦးရေ အချိုးအစားမှာ ကမ္ဘာလူဦးရေ၏ ၄၁ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်သွယ်မှုတွင် ၁၆ ရာခိုင်နှုန်းအထိ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း Business Standard သတင်းစာတွင် ဖော်ပြထားချက်များအရ သိရှိရပါသည်။

သို့ဖြစ်ပါ၍ BRICS အုပ်စုတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ ပါဝင်ခြင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လွှမ်းမိုးမှုကို တန်ပြန်နိုင်ရန် ဖွဲ့စည်းထားသည့် အုပ်စုဖြစ်ခြင်း၊ စျေးကွက်အလားအလာကောင်းများစွာရှိခြင်းတို့ကြောင့် စောင့်ကြည့်လေ့လာသင့်သည့် အဖွဲ့ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

Source:   BRICS draws membership bids from 19 countries before annual summit, Business Standard, 25 April 2023

                BRICS surpass G7 GDP, India, China major econmies with fast, Business Standard, 20 April 2023

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)