Japan

တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductor) ထုတ်လုပ်မှုတိုးမြှင့်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ဂျပန်-အိန္ဒိယနှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Last Updated:

အင်ဒို-ပစိဖိတ်ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်း တရုတ်နိုင်ငံ၏ကြီးစိုးလာမှုကို တုံ့ပြန်နိုင်ရေးအတွက် စီးပွားရေးလုံခြုံမှုကို မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ဂျပန်နိုင်ငံနှင့် အိန္ဒိယနှစ်နိုင်ငံအကြား တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုအားကောင်းစေရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဂျပန်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး Yasutoshi Nishimura နှင့်အိန္ဒိယနိုင်ငံ လျှပ်စစ်နှင့် သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး Ashwini Vaishnaw တို့က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် နားလည်မှုစာချွန်လွှာသည် တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံတို့ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးလုံခြုံမှုနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရေးအတွက် Chips ၊ ဘက်ထရီနှင့်တွင်းထွက်ပစ္စည်းများကဲ့သို့သော အရေးပါသည့်ထုတ်ကုန်များနှင့် ကုန်စည်များ၏ ထုတ်လုပ် ပံ့ပိုးမှုကွင်းဆက်ခိုင်မာအားကောင်းစေရေး ဂျပန်နိုင်ငံအနေဖြင့်  မဟာမိတ်နိုင်ငံများ၊ ချစ်ကြည်ရင်းနှီးသည့်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုပိုမိုခိုင်မြဲလာစေရေး  ကြိုးပမ်းဆောင်ရွက်မှုတစ်ခုဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုတွင် ကမ္ဘာ့နိုင်ငံများအကြား ယှဉ်ပြိုင်နိုင်စွမ်းအားနည်းလျက်ရှိသော်လည်း အဆိုပါတစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် နောက်ဆုံးပေါ်စက်ကိရိယာများနှင့်ပစ္စည်းများ ပိုင်ဆိုင်ထားလျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ဆိုင်ရာပဋိပက္ခများကြောင့် ဆက်ဆံရေးတင်းမာလျက်ရှိသော်လည်း တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းအများစုကို တရုတ်နိုင်ငံမှ တင်သွင်းရလျက်ရှိသည့်အတွက် ပြည်တွင်း၌ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုမြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိန္ဒိယ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနိုင်ငံတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းဈေးကွက်မှာလည်း ပိုမိုကြီးထွားလာရန် မျှော်မှန်းထားကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် အမေရိကန်နှင့် ဩစတြေးလျနိုင်ငံတို့နှင့်အတူ Quad အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အားလျော်စွာ ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစေရေးထိန်းသိမ်းနိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများအကြား နှစ်နိုင်ငံဖြစ်စေ၊ အဖွဲ့ဝင်အားလုံးနှင့်ဖြစ်စေ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဝါရှင်တန်တွင် ဇွန်လ၌ ပြုလုပ်ခဲ့သည့် အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့အကြား နှစ်နိုင်ငံထိပ်သီးအစည်းအဝေးတွင်လည်း တစ်ပိုင်းလျှပ်ကူးပစ္စည်းကဲ့သို့သော အဓိကကျသည့် စက်မှုထုတ်ကုန်များ ထုတ်လုပ်မှုမြှင့်တင်နိုင်ရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်သွားရန် သဘောတူညီမှုရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံမှ ထုတ်လုပ်သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများအား တရုတ်နိုင်ငံသို့ တင်ပို့မှုအပေါ် အမေရိကန်မှ ကန့်သတ်ခဲ့ခြင်းအား လက်တုံ့ပြန်သည့်အနေဖြင့် ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ Chip ထုတ်လုပ်ရာတွင် အဓိကလိုအပ်သည့် ရှားပါးသတ္တုများဖြစ်သည့် Gallium နှင့် Germanium တင်ပို့မှုကို ထိန်းချုပ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံအနေဖြင့် မကြာသေးမီက ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါထုတ်ပြန်ချက်ကြောင့် တရုတ်၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့အကြား တင်းမာ မှုများ ပြင်းထန်လာခဲ့ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ကမ္ဘာ့နိုင်ငံများအကြား ပထဝီနိုင်ငံရေးအရ တင်းမာမှုများဖြစ်ပေါ်ကာ ထုတ်လုပ်ဖြန့်ဖြူးမှုကွင်းဆက်များ ပြတ်တောက်လျက်ရှိခြင်းကြောင့် ကမ္ဘာ့နိုင်ငံများအတွက် အရေးပါသည့်ကုန်စည်များ ထုတ်လုပ်ရရှိနိုင်မှုအပေါ် စိန်ခေါ်မှုများဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့စီးပွားရေးတတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံအနေဖြင့်လည်း နိုင်ငံ့စီးပွားရေးလုံခြုံမှုရှိစေရေးအတွက် စွမ်းအင်နှင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းကဲ့သို့သော နိုင်ငံအတွက် အရေးပါသည့်ကုန်စည်များ စဉ်ဆက်မပြတ်ရရှိနိုင်ရေး အဆိုပါကုန်စည်များ၏ အရင်းအမြစ်များနှင့် ကုန်ကြမ်းများပေါများသည့် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လာသည်ကို တွေ့ရှိရပါသည်။

Source: The Japan Times (၂၁-၇-၂၀၂၃ )

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan