Japan

ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်မှ အာလူးအစိမ်းတင်သွင်းမှုအပေါ် တားမြစ်ထားခြင်းအား ပယ်ဖျက်နိုင်ရေး အမေရိကန်ကြိုးပမ်းသွားမည်

Last Updated:

           ဂျပန်အစိုးရအနေဖြင့် အမေရိကန်မှ အာလူးအစိမ်းဝယ်ယူပေးနိုင်ရေး တိုက်တွန်းပေးရန်အတွက် အမေရိကန်နိုင်ငံ၊ Idaho ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်အမတ် ၃၁ ဦးက လက်မှတ်ရေးထိုးကာ ၂၀၂၃ ခုနှစ် မေလ ၁၁ ရက်နေ့တွင် အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနသို့ စာရေးသားပေးပို့ခဲ့ကြောင်း ဖော်ပြထားပါသည်။ အဆိုပါစာတွင် ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံမှ အာလူးအစိမ်းတင်ပို့မှုကို တရားဝင်ပိတ်ပင်ခွင့် မရှိကြောင်းလည်း ဖော်ပြထားပါသည်။

          ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံအတွက် အေးခဲအာလူးအများဆုံးတင်ပို့ရသည့်နိုင်ငံဖြစ်သော်လည်း အမေရိကန်မှ အာလူးအစိမ်းတင်ပို့မှုကို ဂျပန်နိုင်ငံမှ တားမြစ်ထားကြောင်းနှင့် အမေရိကန်မှ အာလူးအစိမ်းကို ဂျပန်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် ရာစုနှစ်ပေါင်းများစွာ ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း အားလူးအစိမ်းကို ဂျပန်နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိသေးကြောင်း ဖော်ပြထားပါသည်။

          ၂၀၂၂ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ အားလူးတင်ပို့ရောင်းချနိုင်မှုမှာ အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်း၊ အကယ်၍ ဂျပန်နိုင်ငံမှ အာလူးအစိမ်းဝယ်ယူမည်ဆိုပါက အမေရိကန်ဒေါ်လာသန်း ၁၅၀ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း အမေရိကန် National Potato Council က ထုတ်ပြန်ထားပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် လက်ရှိတွင် အင်ဒို-ပစိဖိတ်နိုင်ငံများဖြစ်သော တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့သို့ အာလူးအစိမ်းတင်ပို့ရောင်းချလျက်ရှိကြောင်း၊ Idaho Potato Commission ၏ အချက်အလက်များအရ ပြည်နယ်မှထွက်ရှိသည့် အာလူး၏ ၅ ပုံ ၁ ပုံမှာ ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အများဆုံးတင်ပို့ရောင်းချလျက်ရှိသည့်နိုင်ငံများမှာ ကနေဒါ၊ မက်ဆီကို၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။

          ဂျပန်နိုင်ငံအနေဖြင့် ပြည်တွင်းအာလူးထုတ်လုပ်သည့် တောင်သူများကို ကာကွယ်နိုင်ရန်နှင့် အမေရိကန်မှ တင်သွင်းလာမည့်အာလူးများတွင် ပိုးမွှားနှင့်ရောဂါကင်းရှင်းစေမှုသေချာစေရေးအတွက် စစ်ဆေးရန် လိုအပ်ချက်ရှိသည်ဟူသော အကြောင်းပြချက်များဖြင့် ထိုသို့ပိတ်ပင်ထားခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်၏ အာလူးအစိမ်းကို “Pest Risk Assessment” စစ်ဆေးနိုင်ရေးအတွက် သဘောတူထားပြီးဖြစ်သည်မှာ နှစ်ပေါင်းများစွာကြာမြင့်လျက်ရှိကာ အချိန်ဆွဲ၍ ဆောင်ရွက်နေကြောင်း ဖော်ပြထားပါသည်။

          အမေရိကန်နိုင်ငံ၏ အာလူးအစိမ်းတင်ပို့မှုကို ဂျပန်နိုင်ငံသာမက မက်ဆီကိုနိုင်ငံကလည်း တားမြစ်ခဲ့ဖူးပြီး ၂၅ နှစ်ကြာကုန်သွယ်ရေးပဋိပက္ခဖြစ်ပွားပြီးနောက် ၂၀၂၂ ခုနှစ်တွင် မက်ဆီကိုနိုင်ငံက အမေရိကန်မှ အာလူးအစိမ်းတင်ပို့မှုကန့်သတ်ချက်ကို ပယ်ဖျက်ပေးခဲ့ကြောင်း၊ စာချုပ်အသစ်အရ Idaho ပြည်နယ်မှ မက်ဆီကိုသို့ အာလူးအစိမ်းများကို တင်ပို့နိုင်မည်ဖြစ်သည့်အတွက် နှစ်အနည်းငယ်အတွင်း မက်ဆီကိုဈေးကွက်သို့ချဲ့ထွင်ကာ အမေရိကန်ဒေါ်လာသန်း ၂၅၀ ရရှိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ Idaho ပြည်နယ်မှ အာလူးများကို ဂျပန်ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်မည်ဆိုပါက Idaho ပြည်နယ်မှ အာလူးများဝယ်လိုအား ပိုမိုရရှိလာကာ ပြည်နယ်ရှိ တောင်သူများအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။

          ဂျပန်နိုင်ငံသို့ အမေရိကန်နိုင်ငံမှ အာလူးအစိမ်းတင်ပို့နိုင်ရေးအတွက် ၂၀၁၈ ခုနှစ်တွင် တရားဝင်အကြောင်းကြားစာပေးပို့ခဲ့ဖူးကြောင်း၊ အမေရိကန်နိုင်ငံမှ အာလူးအစိမ်းတင်ပို့နိုင်ခြင်းမရှိသည့်နိုင်ငံသို့ အမေရိကန်မှ တောင်သူများက တင်ပို့လိုပါက အဆိုပါနိုင်ငံသို့ တရားဝင်အကြောင်းကြားစာ ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါနိုင်ငံ၏စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီစေရေးအတွက် လိုအပ်သည့်သိပ္ပံနှင့်နည်းပညာဆိုင်ရာ သတင်းအချက်အလက်များကို အမေရိကန်နိုင်ငံအနေဖြင့် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားထားပါသည်။

          ဂျပန်ဈေးကွက်သို့ ဝင်ရောက်ခွင့်ရရှိရေးအတွက် လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်၍ ဂျပန်နိုင်ငံသို့ အာလူးအစိမ်းများတင်ပို့ခွင့်ရရှိပါကလည်း တင်ပို့သည့်အာလူးအစိမ်းများတွင် ပိုးမွှားကင်းရှင်းစေရေး လိုအပ်သည့်ဆောင်ရွက်မှုများကို အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။

Source: https://sourcenm.com (1-6-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan