Japan

ဂျပန်နိုင်ငံအနေဖြင့် Generative AI အသုံးပြုမှုကို မြှင့်တင်သွားမည်

Last Updated:

           ဂျပန်အစိုးရအနေဖြင့် Generative AI အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များဖြစ်သော လျှို့ဝှက်သတင်းအချက်အလက်များပေါက်ကြားခြင်းနှင့် မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးများ ချိုးဖောက်ခြင်းများ မရှိစေရေးဆောင်ရွက်ခြင်းဖြင့် Generative AI ဖွံ့ဖြိုးစေရေးအတွက် ပြည်တွင်း၌ စွမ်းဆောင်ရည်များ ပိုမိုအားကောင်းလာစေရေးနှင့် Generative AI အသုံးပြုမှုကိုမြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Integrated Innovation Strategy (2023) တွင် ဖော်ပြထားပါသည်။

          ဂျပန်နိုင်ငံ၏ လုံခြုံရေးဆိုင်ရာကဏ္ဍများတွင် နည်းပညာအသုံးပြုမှု ပိုမိုအားကောင်းလာစေရေးအတွက် ဆောင်ရွက်သွားမည့်မူဝါဒများအပါအဝင် နည်းပညာဆိုင်ရာတီထွင်ဆန်းသစ်မှုကို မြှင့်တင်နိုင်ရေးအတွက် အစိုးရအနေဖြင့် အဆိုပါမဟာဗျူဟာကို ချမှတ်ရခြင်းဖြစ်ကြောင်းနှင့် Integrated Innovation Strategy မှာ နှစ်စဉ်ထုတ်ပြန်သည့်မဟာဗျူဟာဖြစ်ကြောင်း ဖော်ပြထားပါသည်။

           ChatGPT ကဲ့သို့သော Generative AI သည် စာသားများ၊ ပုံရိပ်များ အစရှိသည်တို့ကို အလိုအလျောက်ထုတ်ပေးနိုင်ပြီး လုပ်ငန်းစဉ်များစွာ၏စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း မျှော်မှန်းထားပါသည်။ သို့သော် ခေတ်မီနည်းပညာများဖြင့် ဆိုက်ဘာတိုက်ခိုက်မှုများ၊ သတင်းအချက်အလက်အမှားများဖြစ်ပေါ်စေနိုင်ပြီး လူမှုခြိမ်းခြောက်မှုအန္တရာယ်များလည်း ဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြထားပါသည်။

          ဉာဏ်ရည်တု(Artificial Intelligence)နှင့်ဆက်စပ်၍ ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်များကို နိုင်ငံတကာနှင့်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ကာ ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များကိုလည်း လေ့လာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

          ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ၌ အစိုးရအဖွဲ့က အတည်ပြုခဲ့သည့် National Security Strategy ကိုအခြေခံ၍ အဆင့်မြင့်နည်းပညာများကို သုတေသနပြုခြင်းဖြင့် ရရှိလာသည့်ရလဒ်များကို အသုံးပြုကာ လုံခြုံရေးကဏ္ဍတွင် မူဝါဒများချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Integrated Innovation Strategy တွင်ဖော်ပြထားပါသည်။ အဆိုပါမူဝါဒများကို ကာကွယ်ရေးဝန်ကြီးဌာနအပြင် အခြားသောဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများတွင်ပါအသုံးပြုနိုင်ရေး မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

            တက္ကသိုလ်များနှင့်စီးပွားရေးလုပ်ငန်းများမှ ထူးချွန်သည့်လူသားအရင်းအမြစ်များအနေဖြင့် ထုတ်ကုန်နှင့်ဝန်ဆောင်မှုအသစ်များကို နည်းပညာများအသုံးပြု၍ လျင်မြန်စွာထုတ်လုပ်နိုင်ရေး ရည်မှန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း Integrated Innovation Strategy တွင်ဖော်ပြထားပါသည်။

          လူမှုအသိုက်အဝန်းကို အကျိုးဖြစ်ထွန်းစေရန်အတွက် သုတေသနအဖွဲ့အစည်းများမှ ရရှိလာသည့် သတင်းအချက်အလက်များကို အသုံးပြုမည့် “Open Science” မြှင့်တင်နိုင်ရေးနှင့် နောက်ဆုံးပေါ်နည်းပညာများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဂျပန်-အမေရိကန်ပူးတွဲဖော်ဆောင်မည့် သုတေသနနှင့်ဖွံ့ဖြိုးမှုစင်တာ “Global Startup Campus” တည်ထောင်နိုင်ရေးဆိုင်ရာ စီမံချက်များကိုလည်း အဆိုပါမဟာဗျူဟာတွင် ထည့်သွင်းဖော်ပြထားပါသည်။

Sources: The Japan News, (31-5-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

 

 

Category: Japan