Japan

ဂျပန်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုမှာ ၃ လအတွင်း ပထမဆုံးအကြိမ်ကျဆင်း

Last Updated:

          ဧပြီလ၌ ဂျပန်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုမှာ ၃ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ရုတ်တရက်ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ စက်မှုဝန်ကြီးဌာန၏ မေလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်များအရ စက်မှုထုတ်ကုန်ထုတ်လုပ်မှုမှာ လွန်ခဲ့သော ၂ လက ဆက်တိုက်မြင့်တက်ခဲ့သည့်အတွက် ဧပြီလတွင် ၁.၄ ရာခိုင်နှုန်းတိုးတက်နိုင်ကြောင်း စီးပွားရေးပညာရှင်များကခန့်မှန်းခဲ့သော်လည်း ဧပြီလတွင် ၀.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ စက်ရုံသုံးစက်ပစ္စည်းများ၊ သတ္တုပစ္စည်းများ၊ မော်တော်ယာဉ်ထုတ်လုပ်သူများ၏ ထုတ်ကုန်များကျဆင်းခဲ့ခြင်းကြောင့် ယခုကဲ့သို့စက်မှုထုတ်ကုန်ထုတ်လုပ်မှု ကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

          ၂၀၂၃ ခုနှစ် ပထမ ၃ လပတ်တွင် စီးပွားရေးပြန်လည်အားကောင်းလာသည့် ဂျပန်နိုင်ငံအတွက် ယခုကဲ့သို့ပြည်တွင်းထုတ်လုပ်မှုကျဆင်းလာခြင်းသည် ဂျပန်နိုင်ငံ၏စီးပွားရေးတိုးတက်မှုအလားအလာကို နှေးကွေးစေနိုင်ကြောင်း ဖော်ပြထားပါသည်။ ယခုကဲ့သို့ ပြည်တွင်းထုတ်လုပ်မှုကျဆင်းလာမည်ကို မျှော်လင့်မထားကြောင်းနှင့် စက်ပစ္စည်းများ၊ လျှပ်စစ်အပိုပစ္စည်းများ၊ စက်ကိရိယာများထုတ်လုပ်နိုင်မှုမှာ မျှော်မှန်းထားသည်ထက် သိသိသာသာကျဆင်းခဲ့ကြောင်း Daiwa Securities မှစီးပွားရေးပညာရှင် Kota Suzuki မှ ပြောကြားထားပါသည်။ ထိုသို့ကျဆင်းရခြင်းမှာ အဆိုပါကုန်စည်များအပေါ် အမေရိကန်နှင့်ဥရောပအပါအဝင် ကမ္ဘာ့ဝယ်လိုအား ကျဆင်းလာခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

          ထို့အတူ စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အခြားသောအစီရင်ခံစာတွင်လည်း ဧပြီလ၌ လက်လီရောင်းချရမှုမှာ  ၅ လအတွင်း ပထမဆုံးအကြိမ်ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ ဧပြီလတွင် ဂျပန်နိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်မှု ရုတ်တရက်ကျဆင်းခဲ့ခြင်းကြောင့် ဒုတိယနှစ်ဝက်တွင် နိုင်ငံ၏ GDP မှာ ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။

          ဂျပန်နိုင်ငံ၌ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လျက်ရှိခြင်းကြောင့် ယခုနှစ်တွင်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိခိုက်စေမည်ဖြစ်ကြောင်း Suzuki မှ ပြောကြားထားပါသည်။ ဂျပန်နိုင်ငံမှ အိမ်နီးချင်းနိုင်ငံများသို့ ပို့ကုန်တင်ပို့ရမှုမှာလည်း ၅ လဆက်တိုက် ကျဆင်းလျက်ရှိကြောင်းလည်း ဖော်ပြထားပါသည်။

Sources: The Japan Times (May 31, 2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan