Singapore

Rwanda Imbarage SME Ecosystem အတွက် စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (Monetary Authority of Singapore) နှင့် ရဝန်ဒါအမျိုးသားဘဏ် (National Bank of Rwanda) တို့အကြား ပူးပေါင်းဆောင်ရွက်ခြင်း

Last Updated:

စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (Monetary Authority of Singapore – MAS) နှင့် ရဝန်ဒါအမျိုးသားဘဏ် (National Bank of Rwanda - NBR) တို့မှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် Rwanda Imbaraga SME Ecosystem (RISE) Programme ကို တရားဝင်အတည်ပြုကြေညာခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံ၏အဓိကဘဏ်များဖြစ်သည့် Business Development Fund of Rwanda (BDF) နှင့် Proxtera Pte Ltd တို့အကြား နားလည်မှုစာချွန်စာလွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ထိုသို့ပူးပေါင်းဆောင်ရွက်မှုသည် စင်ကာပူနိုင်ငံနှင့်ရဝန်ဒါနိုင်ငံတို့ရှိ ငွေကြေးအဖွဲ့အစည်းများနှင့် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများအကြား ပိုမိုခိုင်မာသည့်ဆက်ဆံရေးဖြစ်ပေါ်လာစေရန် ရည်ရွယ်ပါသည်။

RISE Programme သည် ရဝန်ဒါနိုင်ငံရှိ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများကို ပြည်တွင်းနှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုအခွင့်အရေးများတွင် ပိုမိုပါဝင်လာနိုင်စေရန် ရည်ရွယ်ပါသည်။ အဆိုပါအစီအစဉ်တွင် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာ သင်ကြားမှုအစီအစဉ်များနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုတို့ကိုရရှိနိုင်ရေး ထောက်ပံ့ပေးမည့် စွမ်းဆောင်ရည်မြှင့်သင်တန်းများ၊ အငယ်စားအသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် ငွေကြေးရယူနိုင်စေမည့် သတင်းရင်းမြစ်များရရှိနိုင်စေခြင်း၊ ရဝန်ဒါနိုင်ငံအတွင်းနှင့် ရဝန်ဒါနိုင်ငံနှင့် နိုင်ငံတကာဈေးကွက်များအကြား ကုန်သွယ်မှုအခွင့်အလမ်းများကို ဖန်တီးနိုင်ရန်နှင့် ချဲ့ထွင်နိုင်ရန် စသည်တို့ပါဝင်ပါသည်။

MAS နှင့် NBR တို့သည် RISE Programme အတွက် နယ်စပ်ဖြတ်ကျော်ငွေကြေးဆောင်ရွက်မှုများနှင့် ဒီဂျစ်တယ်ငွေကြေးဆိုင်ရာအထောက်အထားများနှင့်စပ်လျဉ်း၍ မူဝါဒလမ်းညွှန်မှုများအပါအဝင် မဟာဗျူဟာကျသည့်လမ်းညွှန်မှုများကို ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ BDF နှင့် Proxtera Pte Ltd တို့သည် ရဝန်ဒါနိုင်ငံငွေကြေးအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ ယုံကြည်စိတ်ချရသည့် အချက်အလက်မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်၍ အခြေခံအဆေက်အအုံနှင့် RISE Programme ကိုအကောင်အထည်ဖော်ရာတွင် အဓိကတာဝန်ယူဆောင်ရွက်သူများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရဝန်ဒါအမျိုးသားဘဏ်ဥက္ကဋ္ဌ John Rwangombwa က ငွေကြေးကဏ္ဍတွင် နည်းပညာအထောက်အပံ့အတွက် စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုကို ဝမ်းမြောက်ကြောင်း၊ RISE Programme သည် ငွေကြေးအဖွဲ့အစည်းများအနေဖြင့် အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများကို ငွေချေးပေးနိုင်ရန်အတွက် ယုံကြည်စိတ်ချရသည့်အထောက်အထားများ အချက်အလက်များ ကောက်ယူနိုင်မှုကို ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း၊ အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးရရှိနိုင်မှုအခက်အခဲကို ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး ရဝန်ဒါအသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် ဒီဂျစ်တယ်ဈေးကွက်မှတစ်ဆင့် နိုင်ငံတကာဈေးကွက်ကို ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့၏ Chief FinTech Offier ဖြစ်သူ Sopnendu Mohanty က အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးပြီး ငွေကြေးဆိုင်ရာ ဒီဂျစ်တယ်အခြေခံအဆောက်အအုံသည်လည်း ဒစ်ဂျစ်တယ်စီးပွားရေးအောင်မြင်စေရန်အတွက် အရေးပါကြောင်း၊ RISE Programme ကြောင့် ရဝန်ဒါအသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ရဝန်ဒါငွေကြေးစီးပွားရေးစနစ်အတွက် ပိုမိုကောင်းမွန်သည့်အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် ယုံကြည်စိတ်ချရသည့်အထောက်အထားများနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာခြင်းစသည်တို့ဖြစ်ပေါ်လာမည်ဟု ယုံကြည်ကြောင်း၊ RISE Programme သည် စင်ကာပူနိုင်ငံနှင့် ရဝန်ဒါနိုင်ငံအကြားဆက်ဆံရေးကို ပိုမိုခိုင်မာစေမည့် အဓိကမှတ်တိုင်တစ်ခုဖြစ်ပြီး အစိုးရ - ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

BDG ၏ Chief Executive Officer ဖြစ်သူ Vincent Munyeshyaka က BDF အနေဖြင့် အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာကျပြီး အရေးပါကြောင်းကို အသိအမှတ်ပြုကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုသည် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းအသစ်များအနေဖြင့် ငွေကြေးရရှိနိုင်မှုနည်းလမ်းနှင့် ဈေးကွက်သို့ ထိုးဖောက်နိုင်မှုတို့ကို မိတ်ဆက်ခြင်းဖြစ်သည့်အတွက် ၎င်းလုပ်ငန်းများငွေကြေးရရှိနိုင်မှုအခြေအနေအရ ယခုကဲ့သို့ပူးပေါင်းဆောင်ရွက်မှုသည် ကိုဗစ် - ၁၉ ကပ်ရောဂါအပြီးတွင် ဆီလျော်သင့်မြတ်ပြီး အချိန်ကိုက်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Proxtera ၏ Chief Executive Officer ဖြစ်သူ Saurav Bhattacharyya က National Bank of Rwanda၊ Business Development Fund of Rwanda နှင့် စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့တို့နှင့်ပူးပေါင်း၍ RISE Programme ကိုဆောင်ရွက်ရသည်ကို ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုသည် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများကို မြှင့်တင်ရာတွင် မိမိတို့၏ကတိကဝတ်ကို ခိုင်မာစေသည့်အစီအစဉ်ဖြစ်ကြောင်း၊ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် SME Financial Empowerment Programme၊ လိုအပ်သည့် ငွေကြေးရရှိနိုင်မှု၊ ဒီဂျစ်တယ်အသုံးပြုနိုင်မှုတို့ဖြင့် ၎င်းတို့၏စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရင်းမြစ်။        Media Release, Monetary Authority of Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore