Japan

ဂျပန်နိုင်ငံအနေဖြင့် တောင်ကိုရီးယားနိုင်ငံအား ယုံကြည်စိတ်ချရသည့် မိတ်ဖက်ကုန်သွယ်ဖက်နိုင်ငံအဖြစ် “Whitelist” တွင် ပြန်လည်ထည့်သွင်းခဲ့

Last Updated:

တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား ၄ နှစ်ကြာ ကုန်သွယ်မှုဆိုင်ရာအငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်မြှင့်တင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တောင်ကိုရီးယားနိုင်ငံအား ဂျပန်နိုင်ငံ၏ယုံကြည်စိတ်ချရသည့် မိတ်ဖက်ကုန်သွယ်ဖက်နိုင်ငံအဖြစ် “Whitelist” တွင် ပြန်လည်ထည့်သွင်းခဲ့ပါသည်။

အဆိုပါသတင်းတွင် တောင်ကိုရီးယားနိုင်ငံမှ ၂၀၁၉ ခုနှစ်အထိ ရရှိခံစားခဲ့သည့် ဂျပန်နိုင်ငံ၏ ပို့ကုန်ဆိုင်ရာဦးစားပေးအခွင့်အရေးများကို ပြန်လည်ရရှိနိုင်မည့် “Group A” တွင် တောင်ကိုရီးယားနိုင်ငံအား ပြန်လည်ထည့်သွင်းသွားရန် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ကြေညာခဲ့ကြောင်း  ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ပို့ကုန်အမိန့်(Export Order)၏ ဇယား-၃ ပါနိုင်ငံများတွင် တောင်ကိုရီးယားနိုင်ငံအား ထည့်သွင်းသွားမည်ဖြစ်ကြောင်း၊ ဂျပန်အစိုးရအနေဖြင့် တောင်ကိုရီးယားနိုင်ငံအား “Whitelist” တွင် ထည့်သွင်းနိုင်ရေး Foreign Exchange and Foreign Trade Act ကိုအခြေခံကာ Export Trade Control Order ကိုအနည်းငယ်ပြင်ဆင်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အဆိုပါပြဌာန်းချက်ပါအချက်များအား ပြင်ဆင်ပြီးပါက ဇူလိုင်လ ၂၁ ရက်နေ့တွင် အသက်ဝင်သွားမည်ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

တောင်ကိုရီးယားနိုင်ငံအား “Whitelist” တွင်ထည့်သွင်းခြင်းဖြင့် ဂျပန်နိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ မဟာဗျူဟာကျသည့်ကုန်စည်များတင်ပို့ရန်အတွက် လက်ရှိတွင် ၂ လမှ ၃ လအထိ ကြာမြင့်ရာမှ ၁ ပတ်ခန့်သာ ကြာမြင့်တော့မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံမှ ကုမ္ပဏီများအနေဖြင့် ပြည်ပသို့ ကုန်စည်များတင်ပို့ပါက ထိန်းချုပ်ကုန်စည်စာရင်းတွင် ပါဝင်ခြင်းမရှိသည့်တိုင် လက်နက်များ၊ လူအမြောက်အများသေကြေနိုင်သော ပစ္စည်းများထုတ်လုပ်နိုင်မည့် လက်နက်များတွင်အသုံးပြုနိုင်မည့် ကုန်စည်အမျိုးအစားဖြစ်မည်ကို စိုးရိမ်သဖြင့် ကုန်စည်အားလုံးကို လိုင်စင်လျှောက်ထားရယူရန် လိုအပ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

တောင်ကိုရီးယားနိုင်ငံအား ယုံကြည်စိတ်ချရသော မိတ်ဖက်ကုန်သွယ်ဖက်နိုင်ငံများစာရင်းတွင် ထည့်သွင်းခြင်းဖြင့် ဂျပန်နိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့လျက်ရှိသည့် ကုမ္ပဏီများအနေဖြင့် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် Fluorine Polyimide ၊ Photoresist နှင့် Hydrogen Fluoride စသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရာတွင် အဓိကကျသည့် ကုန်စည်(၃)မျိုးကို တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့မှုကို ထိန်းချုပ်ကန့်သတ်ခဲ့ပြီး တောင်ကိုးရီးယားနိုင်ငံအား ၂၀၁၉ ခုနှစ်တွင် Group B သို့ အဆင့်လျှော့ချထည့်သွင်းခဲ့ကြောင်း၊ တောင်ကိုရီးယားတရားရုံးအနေဖြင့် ကိုရီယားကျွန်းဆွယ်အား ဂျပန်နိုင်ငံမှ ကိုလိုနီအဖြစ် အုပ်ချုပ်သည့်ကာလတွင် အဓမ္မခိုင်းစေခဲ့မှုအတွက် ဂျပန်ကုမ္ပဏီ ၂ ခုအား လျော်ကြေးပေးရန် အမိန့်ချမှတ်ခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံမှ ဂျပန် နိုင်ငံအား ၎င်း၏  “Whitelist” မှ ဖယ်ရှားခဲ့ကြောင်း ဖော်ပြထားပါသည်။

ထို့နောက်တွင် နှစ်နိုင်ငံအကြားကုန်သွယ်မှုအပါအဝင် စီးပွားရေးအရတင်းမာမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် မေလတွင် တောင်ကိုရီးယားသမ္မတအဖြစ် Yoon Suk Yeol က တာဝန်ယူပြီးနောက် ၂၀၂၃ ခုနှစ် မတ်လတွင် ထိပ်သီးအစည်းအဝေးတက်ရောက်ရန် တိုကျိုသို့ သွားရောက်ခဲ့ပြီးနောက် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှု ပြန်လည်ကောင်းမွန်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် တောင်ကိုရီးယားနိုင်ငံသို့ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရာတွင် အသုံးပြုသည့် အဓိကကုန်စည်များတင်ပို့မှုအတွက် ပို့ကုန်ထိန်းချုပ်ရေးဆိုင်ရာမူဝါဒများကို ဖြေလျှော့ပေးခဲ့ကြောင်း၊ ထို့အတူ တောင်ကိုရီးယားနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံ၏ပို့ကုန်ထိန်းချုပ်မှုအပေါ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တိုင်ကြားထားမှုအပေါ် ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း ဖော်ပြထားပါသည်။

Source : The Korea Herald News (27-6-2023)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan