Japan

ဒီဂျစ်တယ်ကုန်သွယ်မှုနှင့်စီးပွားရေးလုံခြုံမှုရှိစေရေး ဂျပန်-အီးယူပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားမည်

Last Updated:

ဒီဂျစ်တယ်ကုန်သွယ်မှုနှင့်စီးပွားရေးလုံခြုံမှုရှိစေရေး ဂျပန်-အီးယူပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရန်အတွက် ဂျပန်-အီးယူတတိယအကြိမ် High-Level Economic Dialogue(HELD)ကို ၂၇-၆-၂၀၂၃ ရက်နေ့တွင် အွန်လိုင်းဖြင့်ကျင်းပခဲ့ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi ၊ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီး Yasutoshi Nishimura နှင့် အီးယူ၏ Executive Vice-President and Commissioner for Trade ဖြစ်သူ Valdis Dombrovskis တို့တက်ရောက်ခဲ့ကြကြောင်း၊ ဆွေးနွေးပွဲတွင် ဂျပန်-အီးယူဒီဂျစ်တယ်ကုန်သွယ်မှုဆိုင်ရာစည်းမျဉ်းများကို ချမှတ်နိုင်ခဲ့ကြောင်း ၂၇-၆-၂၀၂၃ ရက်နေ့တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။  

အဆိုပါသတင်းထုတ်ပြန်ချက်၌ ဂျပန်-အီးယူစီးပွားရေးပူးပေါင်းဆောင်ရွက်ရေး (Japan-EU Economic Cooperation)၊ စီးပွားရေးအရလုံခြုံမှုရှိစေရေး(Economic Security)နှင့် စည်းမျဉ်းအခြေပြု လွတ်လပ်ပြီးမျှတသည့် ကုန်သွယ်မှုမူဘောင်ချမှတ်ဆောင်ရွက်နိုင်ရေး(Rule-Based Free and Fair Trade Framework) စသည့်အချက်(၃)ချက်ကို နှစ်ဖက်ခေါင်းဆောင်များအကြား အဓိကအားဖြင့် ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်-အီးယူစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ဆွေးနွေးရာ၌ ဂျပန်-အီးယူစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် (Japan-EU Economic Partnership Agreement-EPA)တွင် သတင်းအချက်အလက်များလွတ်လပ်စွာစီးဆင်းနိုင်ရေးနှင့်စပ်လျဉ်းသည့် ပြဌာန်းချက်များထည့်သွင်းသွားနိုင်ရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း၊ ဂျပန်နိုင်ငံနှင့်အီးယူအကြား စိုက်ပျိုးရေးထုတ်ကုန်များကုန်သွယ်မှုပြုလုပ်ရာတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုရှိစေရေးအတွက် နှစ်ဖက်ခေါင်းဆောင်များအကြား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါသည်။

စီးပွားရေးအရလုံခြုံမှုရှိစေရေး(Economic Security)နှင့်စပ်လျဉ်း၍ ဆွေးနွေးရာ၌ ဂျပန်နိုင်ငံနှင့်အီးယူအကြား စီးပွားရေးအရလုံခြုံမှုရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ဘက်စုံတိုးတက်ဆောင်ရွက်နိုင်မှုအပေါ် ကြိုဆိုခဲ့ကြပြီး၊ စီးပွားရေးအရ အင်အားအသုံးပြုခြယ်လှယ်မှုကို ကျော်လွှားနိုင်ရေး(Addressing Economic Coercion)၊ ဈေးကွက်အတွင်း ပွင့်လင်းမြင်သာမှုမရှိသည့်၊ ယှဉ်ပြိုင်နိုင်စွမ်းမရှိသည့်မူဝါဒများနှင့်လုပ်ထုံး လုပ်နည်းများအား တုံ့ပြန်ဆောင်ရွက်နိုင်ရေး(Responding Non -market Policies and Practices)၊ ခိုင်မာအားကောင်းသည့် ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်တည်ဆောက်နိုင်ရေး(Building Resilient Supply Chains) နှင့် ပို့ကုန်ထိန်းချုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို စိစစ်ခြင်း (Export Control and Investment Screening) ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အဆိုပါကဏ္ဍများတွင် G-7 အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်သွားရန်ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါသည်။

စည်းမျဉ်းအခြေပြု လွတ်လပ်ပြီးမျှတသည့် ကုန်သွယ်မှုမူဘောင်ချမှတ်ဆောင်ရွက်နိုင်ရေး(Rule -Based Free and Fair Trade Framework)နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ရာတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)သည် စည်းမျဉ်းအခြေပြု လွတ်လပ်ပြီးမျှတသည့် ကုန်သွယ်မှုမူဘောင်ချမှတ်ဆောင်ရွက်ရာတွင် အဓိကကျသည့်အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ WTO ၏ 13th Ministerial Conference (MC13) ကိုအောင်မြင်စွာကျင်းပနိုင်ရေးအတွက် နှစ်ဖက်ခေါင်းဆောင်များအကြား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: Ministry of Foreign Affairs (Japan) (27-6-2023)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan