India (Delhi)

အိန္ဒိယသည် ပဲစဉ်းငုံဈေးနှုန်းကို ထိန်းသိမ်းနိုင်ရန်အတွက် ယခင်နှစ်ထက် ၃၅ ရာခိုင်နှုန်း ပိုမိုပြီး တန်ချိန် ၁၂ သိန်း တင်သွင်းမည်

Last Updated:

ပြည်တွင်းထုတ်လုပ်မှုကျဆင်းသောကြောင့် ပဲစဉ်းငုံဈေးနှုန်းမြင့်တက်မှုနှင့်ရင်ဆိုင်နေရသော အိန္ဒိယသည် ဈေးနှုန်းမြင့်မားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ယခုနှစ်တွင် ယခင်နှစ်ထက် ၃၅ ရာခိုင်နှုန်းပိုမိုပြီး တန်ချိန် ၁၂ သိန်းခန့်တင်သွင်းရန်လိုအပ်မည်ဖြစ်ကြောင်း၊ အိန္ဒိယတစ်နိုင်ငံလုံးတွင် ပဲစဉ်းငုံဈေးနှုန်းမှာ ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်လျှင် ၂၅ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ပြီး ၁ ကီလိုဂရမ်လျှင် ရူပီးငွေ ၁၂၈.၆၆ ထိရောက်ရှိခဲ့ကြောင်း၊ သို့ရာတွင် ပဲစဉ်းငုံတင်သွင်းမှုများစတင်ပါက ဈေးနှုန်းများပြန်လည်ကျဆင်းသွားမည်ဟု စားသုံးသူရေးရာဌာနအတွင်းဝန်ဖြစ်သူ Rohit Kumar Singh က သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ပဲစဉ်းငုံ၏ ပြည်တွင်းထုတ်လုပ်မှုမှာ ပြီးခဲ့သည့်နှစ်က တန်ချိန် ၃၉ သိန်းထွက်ရှိသော်လည်း ၂၀၂၂-၂၀၂၃ ရာသီချိန်တွင် တန်ချိန် ၃၀ သိန်းအောက်သို့ ကျဆင်းခဲ့ပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ နှစ်စဉ်ပဲစဉ်းငုံစားသုံးမှုမှာ တန်ချိန် ၄၄ သိန်း နှင့် ၄၅ သိန်းကြားရှိပါကြောင်း၊ ထို့ကြောင့် ပဲစဉ်းငုံကို နှစ်စဉ် ပြည်ပမှတင်သွင်းရပြီး ယခုနှစ်တွင် ပိုမိုတင်သွင်းရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် တန်ချိန် ၁၂ သိန်း တင်သွင်းသွားမည်ဖြစ်ပါကြောင်း၊ ယခုအချိန်ထိ မြန်မာနိုင်ငံနှင့် အာဖရိကအရှေ့ပိုင်းနိုင်ငံများမှ တန်ချိန် ၉ သိန်းနီးပါးတင်သွင်းထားပြီးဖြစ်ပါကြောင်း၊ အာဖရိကနိုင်ငံများမှ သီးနှံများမှာ ရိတ်သိမ်းချိန်နီးနေပြီး သြဂုတ်လတွင် အိန္ဒိယဈေးကွက်သို့ ရောက်ရှိလာမည်ဖြစ်သဖြင့် ပြည်တွင်းဈေးနှုန်းများ ပြန်လည်ကျဆင်းလာနိုင်သည်ဟု Kumar က ပြောကြားထားကြောင်း သိရှိရပါသည်။

ပဲစဉ်းငုံဈေးနှုန်းကို ထိန်းချုပ်နိုင်ရန်အတွက် အစိုးရအနေဖြင့် နည်းလမ်းမျိုးစုံချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဇွန်လ ၂ ရက်နေ့တွင် ကြေညာခဲ့သည့် ကုန်သည်များ၊ ကြိတ်ခွဲသူများနှင့် တင်သွင်းသူများ၏ သိုလှောင်နိုင်မှုပမာဏကန့်သတ်ချက်သည် ဈေးနှုန်းထိန်းချုပ်ရေးအတွက် များစွာအထောက်အကူပြုခဲ့ပါကြောင်းနှင့် ပဲစဉ်းငုံဈေးနှုန်းသိသိသာသာကျဆင်းခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ထို့အပြင် အစိုးရက အရန်သိုလှောင်ထားသည့်တန်ချိန် ၅ သောင်းကို ဈေးကွက်အတွင်း ဖြန့်ဝေပေးရန်ဆုံးဖြတ်ခဲ့ခြင်းသည်လည်း ဈေးနှုန်းကြီးမြင့်ကို လျှော့ချပေးနိုင်ခဲ့သည့် အချက်တစ်ချက်ဖြစ်သည်ဟု Kumar က ပြောကြားခဲ့ကြောင်းလည်း ဖော်ပြထားပါသည်။

ထို့အပြင် အိန္ဒိယတစ်နိုင်ငံလုံးတွင် မတ်ပဲဈေးနှုန်းများမှာ ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်ပါက  ၇.၂၂ ရာခိုင်နှုန်းခန့်ကြီးမြင့်ခဲ့ပြီး ဇွန်လ ၂၈ ရက်နေ့တွင် ၁ ကီလိုဂရမ်ဈေးနှုန်းမှာ ရူပီး ၁၁၁.၇၇ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှသိုလှောင်၍ ဈေးကစားခြင်းကြောင့်ဖြစ်ပြီး ယခုအခါမိုးရာသီစတင်ပြီဖြစ်သဖြင့် ဆက်လက်သိုလှောင်ထားနိုင်ခြင်းရှိမည်မဟုတ်ဘဲ တင်သွင်းမှုများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ အဆိုပါပဲများကို တခြားသောနိုင်ငံများမှ စားသုံးခြင်းမရှိသဖြင့် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံသို့သာ ရောင်းချရမည်ဖြစ်ပါကြောင်းနှင့် မိမိတို့၏သီးနှံများလည်း အသစ်ထွက်ရှိတော့မည်ဖြစ်သဖြင့် ဈေးနှုန်းမှာ ပြန်လည်ကျဆင်းသွားမည်ဖြစ်ကြောင်းလည်း စားသုံးသူရေးရာဌာနအတွင်းဝန်က ထပ်လောင်းပြောကြားထားပါသည်။

ပဲတီစိမ်းဈေးနှုန်းမှာလည်း ပြီးခဲ့သည့်နှစ်ထက် ၇.၀၇ ရာခိုင်နှုန်းတက်ခဲ့ပြီး ဇွန်လ ၂၈ ရက် က ၁ ကီလိုဂရမ်လျှင် ၁၀၉.၂၃ ရူပီးထိရှိခဲ့ပါကြောင်း၊ သို့ရာတွင် ယခုနှစ်တွင် ပြည်တွင်းထွက်ရှိမှု တိုးတက်လာမည်ဟု ခန့်မှန်းထားသဖြင့် ဈေးနှုန်းများကျဆင်းသွားမည်ဖြစ်ကြောင်း၊ ပဲနီလေးဈေးမှာမူ ပြီးခဲ့သည့် နှစ်ထက် ၅ ရာခိုင်နှုန်းထက်လျော့နည်းပြီး ဇွန် ၂၈ ရက်နေ့တွင် ၁ ကီလိုဂရမ်လျှင် ၉၁.၇၈ ရူပီးဖြစ်ခဲ့ပါကြောင်း၊ ပဲနီလေးမှာလည်း ပြည်တွင်းထုတ်လုပ်မှုမှာ တန်ချိန် ၁၆ သိန်းခန့်သာရှိပြီး ပြည်းတွင်းစားသုံးမှု တန်ချိန် ၂၂ သိန်းထက်လျော့နည်းသဖြင့် ပြည်ပမှ တန်ချိန် ၆ သိန်းခန့် တင်သွင်းရပါကြောင်း၊ သို့ရာတွင် ပဲစဉ်းငုံနှင့်မတူသည့်အချက်မှာ ပဲနီလေးကို ကနေဒါနှင့် သြစတြေးလျနိုင်ငံတို့မှ တင်သွင်းခြင်းဖြစ်ပြီး ယင်းနိုင်ငံတို့တွင် အထွက်နှုန်းကောင်းမွန်သဖြင့် ဈေးကွက်တွင် ပေါများစွာဝယ်ယူနိုင်သဖြင့် ဈေးနှုန်းမှာ ယခုထက်ပိုမိုကျဆင်းနိုင်ပါကြောင်း၊ အိန္ဒိယအနေဖြင့် ၂၀၂၂-၂၀၂၃ ရာသီချိန်တွင် ပဲနီလေးတန်ချိန် ၁၁ သိန်း တင်သွင်းထားကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံစားသုံးမှု၏ ၄၆ ရာခိုင်နှုန်းမှာ ကုလားပဲဖြစ်သော်လည်း တစ်နှစ်ပတ်လုံး ဈေးနှုန်းတည်ငြိမ်လျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ နေရာဒေသအပေါ်မူတည်၍ ပဲအမျိုးအစား ကြိုက်နှစ်သက်မှုကွာခြားသကဲ့သို့ ပဲမျိုးစုံ၏ဈေးနှုန်းသည်လည်း စားသုံးသူများအပေါ် အထူးသက်ရောက်မှုရှိသဖြင့်  ပဲဈေးကွက်တစ်ခုလုံးကိုခြုံငုံ၍ အစဉ်တစိုက်လေ့လာစောင့်ကြည့်လျက်ရှိသည်ဟု စားသုံးသူရေးရာဌာန အတွင်းဝန်က ပြောကြားထားကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထား ပါသည်။

Source: India to import 35 pc more tur dal at 12 lakh tons to check prices, The Economic Times, 2 July, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)