India (Delhi)

BRICS ဘဏ်က ဆော်ဒီအာရေဗျနိုင်ငံက အဖွဲ့ဝင်အဖြစ်အဆိုပြုလာခြင်းအပေါ် စဉ်းစားလျက်ရှိ

Last Updated:

BRICS အုပ်စုမှ တည်ထောင်ထားသည့် The New Development Bank (NDB) က ကြာသပတေးနေ့တွင် ကျင်းပပြုလုပ်မည့် ယင်းတို့၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမတိုင်မီ အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တို့တွင် ကျင်းပပြုလုပ်မည့် နှစ်ပတ်လည်အခမ်းအနားတွင် ဆော်ဒီအာရေဗျနိုင်ငံ၏အဖွဲ့ဝင်အဖြစ် အဆိုပြုလာခြင်းအပေါ် စဉ်းစားသွားမည်ဖြစ်ကြောင်း The Economics Times သတင်းစာတွင်ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံ၏အာရှအနောက်ပိုင်း အဓိကမိတ်ဖက်နိုင်ငံတစ်ခုဖြစ်သော ဆော်ဒီအရေဗျနိုင်ငံသည် ဒေသတွင်းစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကဏ္ဍများစွာတွင် ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသည့်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ၎င်း၏အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည့် ယူအေအီးနိုင်ငံသည် NDB ဘဏ်၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆော်ဒီအာရေဗျနိုင်ငံကလည်း ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနိုင်ငံတို့ဖြင့်ဖွဲ့စည်းထားသည့် BRICS အဖွဲ့သို့ ဝင်ရောက်ရန် စိတ်ဝင်စားမှုကို တင်ပြခဲ့ကြောင်းနှင့် သြဂုတ်လတွင် တောင်အာဖရိကနိုင်ငံ၌ ကျင်းပပြုလုပ်မည့် BRICS ညီလာခံတွင် အဖွဲ့ဝင်အသစ်လက်ခံရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆော်ဒီအာရေဗျနိုင်ငံသည် တရုတ်နိုင်ငံနှင့် စီးပွားရေးဆက်သွယ်ဆောင်ရွက်မှုတိုးမြှင့်နေသကဲ့သို့ အိန္ဒိယနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ကာကွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆော်ဒီအာရေဗျနှင့် ရုရှားနိုင်ငံတို့အကြား စွမ်းအင်ကဏ္ဍအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများရှိပါကြောင်း၊ ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် NDB ၏ရန်ပုံငွေသို့ ထည့်ဝင်မှုများဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အဦများအတွက် ငွေကြေးထောက်ပံ့မည့်အစီအစဉ်များစတင်မှုနှင့်အတူ NDB ကလည်း အိန္ဒိယနိုင်ငံ၏ အဓိကမိတ်ဖက်နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ယူအေအီးနှင့် အီဂျစ်နိုင်ငံတို့ကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရန်စဉ်းစားနေပါကြောင်း The Economic Times က ဖော်ပြထားပါသည်။

NDB သည် အဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံရှိ စီမံကိန်းလုပ်ငန်းပေါင်း ၉၆ ခုကျော်အတွက် အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံထုတ်ချေးပေးထားပါကြောင်း၊ ဆော်ဒီအာရေဗျနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ စတုတ္ထအကြီးဆုံးကုန်သွယ်မှုနိုင်ငံဖြစ်ပြီး စွမ်းအင်ကဏ္ဍအတွက် အဓိကအားထားရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါ ကြောင်း၊၂၀၂၁-၂၀၂၂ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၄၂.၈ ဘီလီယံအထိရှိခဲ့ပြီး ထိုကာလအတွင်း ဆော်ဒီအာရေဗျနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တင်သွင်းမှုများမှာ အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံကျော်ထိရှိပြီး ဆော်ဒီအာရေဗျနိုင်ငံသို့ တင်ပို့မှုမှာ ၉ ဘီလီယံနီးပါးရှိပါကြောင်း၊ ဆော်ဒီအာရေဗျနိုင်ငံတွင် အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ပြီးခဲ့သည့်နှစ်များအတွင်း တိုးတက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရှိလာပါကြောင်း၊ အဆိုပါရင်းနှီးမြှုပ်နှံမှုများတွင် စီမံခန့်ခွဲမှုလုပ်ငန်း၊ အကြံပေးဝန်ဆောင်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးစီမံကိန်းများ၊ ဆက်သွယ်ရေးနည်းပညာ၊ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများ၊ ဆေးဝါးပစ္စည်းများနှင့် Software ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများပါဝင်ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံတွင် ဆော်ဒီမှ ရင်းနှီးမြှုပ်နှံမှုများမှာ ၂၀၂၁ ခုနှစ်၊ မတ်လတွင် အမေရိကန်ဒေါ်လာ ၃.၁၃ ဘီလီယံရှိပြီး အဓိကရင်းနှီးမြှုပ်နှံမှုများမှာ ဆက်သွယ်ရေးနည်းပညာ၊ အစားအစာနှင့် လက်လီရောင်းချရေးလုပ်ငန်းများဖြစ်ပါကြောင်း၊ ဆော်ဒီကုမ္ပဏီတစ်ခုဖြစ်သည့် SABID က နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာဗဟိုဖြစ်သည့် Bengaluru မြို့တွင် အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော်ရင်းနှီးမြှုပ်နှံထားသော ဆော်ဒီမှ ရင်းနှီးမြှုပ်နှံမှုအများဆုံးကုမ္ပဏီတစ်ခုဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံနှင့်ဆော်ဒီနိုင်ငံတို့အကြား ကာကွယ်ရေးဆိုင်ရာမဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုမှာလည်း တဖြည်းဖြည်းတိုးတက်လာပါကြောင်း၊ အိန္ဒိယနိုင်ငံနှင့်ဆော်ဒီနိုင်ငံရေတပ်တပ်ဖွဲ့ဝင်များအကြား စစ်ရေးပူးပေါင်းလေ့ကျင့်မှုကို မေလ ၂၁ ရက်နေ့မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါစစ်ရေးဆိုင်ရာ ပူးတွဲလေ့ကျင့်မှုသည် ပင်လယ်ရေကြောင်းသွားလာမှုဆိုင်ရာလုံခြုံရေးနှင့်နှစ်နိုင်ငံရေတပ်တပ်ဖွဲ့များအကြား သတင်းအချက်အလက်များ အပြန်အလှန်မျှဝေမှုမြှင့်တင်နိုင်ရန်အတွက်ဖြစ်ကြောင်း သိရှိရပါသည်။

ယခုလအစောပိုင်းတွင် အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ Ajit Doval သည် အမေရိကန်၊ ယူအေအီး၊ ဆော်ဒီအာရေဗျနိုင်ငံတို့မှ အဆင့်တူပုဂ္ဂိုလ်များနှင့်တွေ့ဆုံရန် ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ အစည်းအဝေးတွင် အိန္ဒိယနိုင်ငံနှင့် ပင်လယ်ကွေ့နိုင်ငံများအကြား ဆက်သွယ်ချိတ်ဆက်နိုင်ရန် ရထားလမ်းစီမံကိန်းကို အဆိုပြုခဲ့ကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

Source: BRICS bank to consider Saudi Arabia’s proposal for membership, The Economic Times, May 30, 2023

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)