India (Delhi)

၈ ကြိမ်မြောက် Niti Aayog အုပ်ချုပ်မှုကောင်စီအစည်းအဝေးတွင် ဝန်ကြီးချုပ်မိုဒီက ၂၀၄၇ ခုနှစ် မတိုင်မီ အိန္ဒိယနိုင်ငံသည် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်ရမည်ဟု မျှော်မှန်းချက်အတွက် ဆောင်ရွက်ရမည့် အချက်များကို မေတ္တာရပ်ခံ

Last Updated:

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ၂၀၄၇ ခုနှစ်မတိုင်မီ အိန္ဒိယနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်ရမည်ဟူသော ရည်မှန်းချက်ကို ရောက်ရှိအောင်မြင်နိုင်ရန်အတွက် ဗဟိုအစိုးရနှင့် ပြည်နယ်များအကြား ဘုံမျှော်မှန်းချက်ကို အဆင့်ဆင့်အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ပြည်နယ်များအနေဖြင့် အနာဂတ်မျိုးဆက်များအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန်အတွက် ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ဆင်ခြင်မျှော်တွေးမှုဖြင့် ချမှတ်ဆောင်ရွက်ရန် အလေးထားပြောကြားခဲ့ကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

ဝန်ကြီးချုပ်၏မိန်ခွန်းနှင့်စပ်လျဉ်း၍ အစိုးရအကြံပေးအဖွဲ့ Niti Aayog ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ BVR Subrahmanyam က သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ Niti Aayog ၏ ၈ ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေးတွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက အိန္ဒိယနိုင်ငံသည် စီးပွားရေးတိုးတက်မှုစတင်သည့်အဆင့်တွင်ရောက်နေပြီး ကမ္ဘာ့နိုင်ငံအသီးသီးက အာရုံစိုက်နေကြပါကြောင်း၊ ယခုအချိန်သည် ကမ္ဘာလုံးဆိုင်ရာအခွင့်အလမ်းများကိုရယူပြီး မိမိတို့၏အဆင့်အတန်းကို မြှင့်တင်ဆောင်ရွက်ရမည့်အချိန်ဖြစ်ပါကြောင်း၊ ဗဟိုအစိုးရ၊ ပြည်ထောင်စုနယ်မြေနှင့် ပြည်နယ်များအနေဖြင့် ၂၀၄၇ ခုနှစ်မတိုင်မီ အိန္ဒိယနိုင်ငံသည် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်ရမည်ဖြစ်သော မျှော်မှန်းချက်အတွက် ပြည်သူများ၏ ပြင်းပြသောဆန္ဒနှင့်မျှော်မှန်းချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် စုစည်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဟု ပြောကြားထားသည်ဟု ဖြေကြားထားကြောင်း သိရှိရပါသည်။

အဆိုပါအုပ်ချုပ်မှုကောင်စီအစည်းအဝေးကို ခုနှစ်နာရီကျော်အောင်ဆွေးနွေးခဲ့ကြပြီး ၂၀၄၇ ခုနှစ်မတိုင်မီ အိန္ဒိယနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်ရမည်ဟူသော ရည်မှန်းချက်နှင့်စပ်လျဉ်း၍  စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရေး၊ ကျန်းမာရေး၊ အတတ်ပညာကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်စေရေး၊ အခြေခံအဆောက်အဦများဖန်တီးပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း၊ ဝန်ကြီးချုပ်၏ မျှော်မှန်းချက်အတိုင်းရရှိနိုင်ရန်အတွက်  နိုင်ငံ၏အကြီးအကျယ်တိုးတက်ပြောင်းလဲမှုကိုရရှိစေရန် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများနှင့် ချိတ်ဆက်နိုင်ရန်နှင့် နောင် ၂၅ နှစ် မဟာဗျူဟာများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်များအား အကူအညီပေးရန် အကြံပေးအဖွဲ့ Niti Aayog သည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းများ၏ အရေးကြီးမှုနှင့်စပ်လျဉ်း၍လည်း ဝန်ကြီးချုပ်က ဘဏ္ဍာရေးဆိုင်ရာ ခိုင်မာအားကောင်းပြီး ပြည်သူများ၏ မျှော်လင့်ချက်နှင့်ကိုက်ညီသည့် အစီအစဉ်များအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်များအား ဘဏ္ဍာရေးဆိုင်ရာဆုံးဖြတ်ချက်များချမှတ်ရာတွင် ဆင်ခြင်မျှော်တွေးမှုဖြင့် ဆောင်ရွက်ရန်တိုက်တွန်းထားကြောင်း၊ထို့အပြင် ထောက်ပံ့ပို့ဆောင်ရေးနှင့်အခြေခံအဆောက်အဦများအတွက်သာမက ပြည်တွင်းဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးအခြေခံအဆောက်အဦများဖန်တီးပေးနိုင်ရေးအတွက် ကဏ္ဍပေါင်းစုံမှပုဂ္ဂိုလ်များ ပူးပေါင်းဆောင်ရွက်နိုင်မည့်လုပ်ငန်းစဉ်အဖြစ် ဖော်ဆောင်ထားသည့် Gati Shakti Portal ကိုအသုံးချဆောင်ရွက်ရန် ပြည်နယ်များအား တိုက်တွန်းထားကြောင်းလည်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၏ G-20 ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မှုနှင့် နိုင်ငံအနှံ အစည်းအဝေးများ ကျင်းပဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ်မိုဒီက G-20 ဥက္ကဋ္ဌတာဝန်သည် အိန္ဒိယနိုင်ငံအတွက် ကမ္ဘာ့စင်မြင့်အပေါ်တွင် ဂုဏ်ယူဖွယ်ရာဖြစ်ပြီး နိုင်ငံတကာအတွေ့အကြုံများရရှိခဲ့သည်ဟု ပြောကြားခဲ့ကြောင်းလည်း ဖော်ပြထားပါသည်။

ဝန်ကြီးချုပ်မိုဒီပြောကြားခဲ့သည့် အခြားသောအဓိကအကြောင်းအရာများတွင် ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက်များနှင့်ကိုက်ညီမည့် ပြည်သူများ၏ အတတ်ပညာပိုင်းဆိုင်ရာကျွမ်းကျင်ရေးအရေးကြီးမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီပွားရေးလုပ်ငန်းများအား အကူအညီပေး‌ရေး၊ အလားအလာရှိသည့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှုနှင့်လက်မှုပညာရပ်များ တစ်စုတစ်စည်းထဲပြသနိုင်မည့် EKTA Mall ဖန်တီးတည်ထောင်ရေး၊ အမျိုးသမီးများဦးဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါမှုနှင့် ၂၀၂၅ ခုနှစ်တွင် တီဘီရောဂါကင်းစင်ရေးတို့လည်းပါဝင်ကြောင်း သိရှိရပါသည်။

အစည်းအဝေးတွင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက မူဝါဒပိုင်းဆိုင်ရာအကြံပြုချက်များနှင့် အစိုးရက ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်သည့်အချက်များကို အကြံပေးဆွေးနွေးခဲ့ကြကြောင်းနှင့် Niti Aayog ၏ အုပ်ချုပ်မှုကောင်စီအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုနယ်မြေဒုတိယဥက္ကဋ္ဌများ၊ ပြည်နယ်များမှဝန်ကြီးချုပ်များပါဝင်ပြီး ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကြောင်း The Economics Times သတင်းစာက ဖော်ပြထားပါသည်။

Source : PM Modi calls for aligned vision of developed India by 47 at 8th governing council meeting of Niti Aayog

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)