India (Delhi)

ပြီးခဲသည့်ကာလအတွင်း အိန္ဒိယနိုင်ငံ၏ သက်သာသည့်ဆန်ဈေးနှုန်းသည် အာရှမှ ဝယ်ယူသူများကို ဆွဲဆောင်နိုင်ခဲ့ပြီး ဈေးနှုန်းအနည်းငယ် ပြန်တက်လာ

Last Updated:

ဗီယက်နမ်နိုင်ငံ၏မြင့်မားသည့်ဆန်ဈေးနှုန်းများကြောင့် လာမည့်ကာလတွင် ဝယ်လိုအားအတွက် စိုးရိမ်စရာကြုံတွေ့နေရသည့်အချိန်တွင် အိန္ဒိယနိုင်ငံ၏ဆန်တင်ပို့မှုသည် ပြီးခဲ့သည့် ၆ လနီးပါး ဈေးကွက်ကျဆင်းနေခဲ့သော်လည်း သက်သာသည့်ဈေးနှုန်းဖြင့် တခြားသောအာရှနိုင်ငံဝယ်လက်များကို ဆွဲဆောင်ခဲ့ရာမှ ယခုတစ်ပတ်တွင် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံ၏ ၅ မတ်ပေါင်းဆန်တစ်တန်လျှင် ယခင်တစ်ပတ်က အမေရိကန်‌ဒေါ်လာ ၃၇၄ နှင့် ၃၇၈ ကြားရရှိရာမှ ယခုတစ်ပတ်တွင် အမေရိကန်ဒေါ်လာ ၃၇၅ မှ ၃၈၀ ကြားရရှိပါကြောင်း၊ အဓိကဝယ်လက်များမှာ ဈေးနှုန်းအခြေအနေစောင့်ကြည့်နေသေးသော်လည်း အာရှနိုင်ငံများမှ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူလာသဖြင့် ဈေးနှုန်းအနည်းငယ်တက်လာခြင်းဖြစ်သည်ဟု Andhara Pradesh ပြည်နယ်အခြေစိုက် ဆန်တင်ပို့သူတစ်ဦးက ပြောကြားထားကြောင်း သိရှိရပါသည်။

ရေလွှမ်းမိုးခြင်းကဲ့သို့သော သဘာဝဘေးအန္တရယ်များကြောင့် စားနပ်ရိက္ခာလုံလောက်မှုရှိစေရန် မကြာခဏဆန်တင်သွင်းလေ့ရှိသော အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယခုနှစ်တွင် ဆန်ထွက်ရှိမှုအခြေအနေကောင်းသဖြင့် ဆန်ဝယ်ယူတင်သွင်းရန် လိုအပ်ခြင်းမရှိဟု ၎င်းနိုင်ငံ၏ စားနပ်ရိက္ခာဝန်ကြီးဖြစ်သူ Sadhan Chandra Majumder က သတင်းထောက်များကို ပြောကြားထားကြောင်းလည်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံ၏ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် ပြောင်းလဲမှုမရှိဘဲ တစ်တန်လျှင် အမေရိကန်‌ဒေါ်လာ ၄၉၀ နှင့် ၄၉၅ အထိရရှိပြီး ဧပြီလနောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ပါကြောင်း၊ သို့ရာတွင် အဆိုပါဈေးနှုန်းကြီးမြင့်မှုများကြောင့် ကုန်သွယ်မှုမှာ အရောင်းအဝယ်မဖြစ်ဘဲ ငြိမ်သက်နေသည်ဟု ဟိုချီမင်းမြို့အခြေစိုက် ကုန်သည်တစ်ဦးကပြောကြားထားကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ဆန်တင်ပို့မှုသည် ပြီးခဲ့သည့်နှစ်တွင် တန်ချိန် ၃.၉ သန်းတင်ပို့ခဲ့ရာမှ ယခုနှစ် ပထမ ၅ လအတွင်း ၄၀.၈ ရာခိုင်နှုန်းခန့် မြင့်တက်လာရန်ခန့်မှန်းထားသည်ဟု အစိုးရကထုတ်ပြန်သည့်အချက်အလက်များအရ သိရှိရကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် မေလအတွင်း တန်ချိန် ၁ သန်းခန့်ရှိကြောင်းလည်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၏ ၅ မတ်ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်က အမေရိကန်‌ဒေါ်လာ ၄၉၅ မှ ၅၀၀ ကြားရရှိရာမှ ယခုတစ်ပတ်တွင် ဝယ်လိုအားကျဆင်းခြင်းနှင့် ဘတ်ငွေဈေးနှုန်း အားနည်းခြင်းတို့ကြောင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၅ သာရရှိပါကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

Source : Indian rice rates recover slightly as recent dip attracts Asian buyers, The Economic Times, June 2, 2023

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)