Singapore

စင်ကာပူ - ဩစတြေးလျဆက်ဆံရေးခိုင်မာစေမည့် အစိမ်းရောင်စီးပွားရေးလုပ်ငန်းများအတွက် ရန်ပုံငွေ

Last Updated:

အစိမ်းရောင်စီးပွားရေးလုပ်ငန်းကုမ္ပဏီများနှင့် ဒီဂျစ်တယ်သယ်ယူပို့ဆောင်ရေးစင်္ကြံ(Digital Shipping Corridor) ကိုထောက်ပံ့ရန်၊ အစားအသောက်ကုန်သွယ်ရေးကိုမြှင့်တင်ရန် စသည်တို့အတွက် ဒေါ်လာသန်းချီသည့်ရန်ပုံငွေအသစ်မှာ စင်ကာပူ-ဩစတြေးလျဆက်ဆံရေးခိုင်မာစေရေး ဆောင်ရွက်ချက်များအနက်မှ တစ်ခုဖြစ်ပါသည်။ ဩစတြေးလျဒေါ်လာသန်း ၂၀(စင်ကာပူဒေါ်လာ ၁၇.၈ သန်း) တန်ဖိုးရှိ Co-innovation Fund ကို အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ထူထောင်ခဲ့ခြင်းဖြစ်ပြီး အစိမ်းရောင်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် စင်ကာပူနိုင်ငံနှင့် ဩစတြေးလျနိုင်ငံမှ ကုမ္ပဏီများအကြား ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် ရည်ရွယ်ပါသည်။ Enterprise Singapore နှင့်ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးနှင့်ကုန်သွယ်မှုဌာနတို့က ရန်ပုံငွေအတွက် ထည့်ဝင်မည်ဖြစ်ပါသည်။ လာမည့်လေးနှစ်အတွင်း နှစ်နိုင်ငံမှ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ရေရှည်တည်တံ့စေမည့် စိုက်ပျိုးရေးအခြေခံစီးပွားရေးနှင့် အစားအသောက်လုပ်ငန်း၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်း စသည့်အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အဆိုပါရန်ပုံငွေကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။

သင်္ဘောဖြင့်သယ်ယူပို့ဆောင်ရာတွင် ကာဗွန်လျှော့ချခြင်း၊ ဒီဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်ခြင်းများကို နှစ်နိုင်ငံအနေဖြင့် ဆောင်ရွက်နေကြပြီဖြစ်ရာ ပင်လယ်ရေကြောင်းကဏ္ဍတွင် စင်ကာပူ - ဩစတြေးလျအစိမ်းရောင် ဒီဂျစ်တယ်သယ်ယူပို့ဆောင်ရေးစင်္ကြံ (Singapore-Australia Green and Digital Shipping Corridor) ကို ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ထူထောင်မည်ဖြစ်ပါသည်။

(၈) ကြိမ်မြောက် စင်ကာပူ - ဩစတြေးလျခေါင်းဆောင်များအစည်းအဝေး (8th Singapore – Australia Annual Leaders’ Meeting) တွင် Food Pact အတွက် လမ်းညွှန်ချက်များနှင့် လုပ်ငန်းအစီအစဉ်ကို ထုတ်ပြန်ခဲ့ပါသည်။ Food Pact မှာ စားသောက်ကုန်စည်များကုန်သွယ်မှုကို တိုးမြှင့်ရန် နှင့်ဩစတြေးလျစားသောက်ကုန်များအတွက် စင်ကာပူနိုင်ငံကို တစ်ဆင့်ခံသင်္ဘောဖြင့် သယ်ယူပို့ဆောင်ပေးသည့် ဗဟိုဌာနတစ်ခုအဖြစ်မြှင့်တင်ရန်ရည်ရွယ်ထားပါသည်။ Food Pact တွင် ဒေသတွင်းဇီဝလုံခြုံရေး(Regional Biosecurity)၊ အနာဂတ်အစားအစာနှင့် ရေရှည်တည်တံ့စေမည့်စိုက်ပျိုးရေးစည်းမျဉ်းစည်းကမ်းများ စသည့်ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာဖူလုံရေးအရေးကိစ္စများပါဝင်မည်ဖြစ်ပါသည်။ စင်ကာပူအစားအသောက်အေဂျင်စီ (Singapore Food Agency) နှင့် ဩစတြေးလျစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောဌာန (Australian Department of Agriculture, Fisheries and Forestry)တို့သည် ဩစတြေးလျနိုင်ငံမှ အသားနှင့်အသားထုတ်ကုန်များကို စင်ကာပူနိုင်ငံမှတစ်ဆင့် တစ်ဆင့်ခံသင်္ဘောဖြင့် သယ်ယူပို့ဆောင်မှုပိုမိုတိုးတက်စေရေးအတွက် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါသည်။

ရင်းမြစ်။        The Straits Times

(စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore