India (Delhi)

ပဲစဉ်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့အား ၄၀ ရာခိုင်နှုန်းအထိ အစိုးရဝယ်ယူရေးအစီအစဉ်ကို ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်ရန်အတွက် ဈေးနှုန်းအထောက်အကူပြုအစီအစဉ်အောက်မှ ဖြေလျှော့ပေး

Last Updated:

ပဲစဉ်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့ကို ၄၀ ရာခိုင်နှုန်းအထိ အစိုးရဝယ်ယူရေးအစီအစဉ်အား ၂၀၂၃-၂၀၂၄ သီးနှံစိုက်ပျိုးရေးနှစ်(ဇူလိုင်လ မှ ဇွန်လအထိ)တွင် ဈေးနှုန်းအထောက်အကူပြုအစီအစဉ်(Price Support Scheme - PSS) အောက်မှ ဖယ်ရှားထားသည်ဟု အင်္ဂါနေ့တွင် ဗဟိုအစိုးရက ပြောကြားထားကြောင်း၊ ယခုနှစ်တွင် တောင်သူလယ်သမားများအနေဖြင့် PSS အစီအစဉ်အောက်မှ ၎င်းတို့ထွက်ရှိသည့် ပဲစဉ်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့ကို ကြိုက်နှစ်သက်သည့်ပမာဏအထိ စိတ်ကြိုက်ရောင်းချခွင့်ရှိမည်ဟု စားနပ်ရိက္ခာနှင့် စားသုံးသူရေးရာဝန်ကြီးဌာနက ပြောကြားထားကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

လာမည့်မိုးရာသီနှင့်ဆောင်းရာသီ သီးနှံစိုက်ပျိုးချိန်တွင် ပဲစဉ်းငုံ၊ မတ်ပဲနှင့် ပဲနီလေးစိုက်ပျိုးမှုနှင့် အထွက်နှုန်းတိုးတက်စေရန်အတွက်  အဆိုပါပဲများကို အစိုးရက ဈေးကောင်းပေးပြီး ခိုင်ခိုင်မာမာဝယ်ယူခြင်းဖြင့် တောင်သူများအား လှုံ့ဆော်တွန်းအားပေးမှုဖြစ်စေမည်ဖြစ်ပါကြောင်း၊ PSS အစီအစဉ်သည် လယ်ယာထွက်ကုန်ပစ္စည်းများ၏ဈေးနှုန်းမှာ အခြေခံရည်ညွှန်းဈေး(Minimum support price - MSP) အောက်လျော့နည်းသည့်အချိန်တွင်သာ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း၊ ပဲစဉ်းငုံနှင့်မတ်ပဲ သိုလှောင်ထားနိုင်သည့်ပမာဏကန့်သတ်ချက်ကို အာဏာသက်ဝင်မှုရှိစေရန်နှင့် အဆိုပါပဲဈေးနှုန်းများကို လေ့လာစောင့်ကြည့်ရန် ဝန်ကြီးဌာနအနေဖြင့် ပြည်နယ်အစိုးရများကိုလည်း ညွှန်ကြားထားကြောင်း သိရှိရပါသည်။

ဈေးနှုန်းမြင့်တက်စေရန်အတွက် ပဲများသိုလှောင်ထားခြင်းရှိ/မရှိစစ်ဆေးနိုင်ရန် ဝန်ကြီးဌာနက ဇွန်လ ၂ ရက်နေ့တွင် ပဲစဉ်းငုံနှင့်မတ်ပဲ သိုလှောင်နိုင်သည့်ပမာဏကန့်သတ်ချက်ကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ပြဋ္ဌာန်းချက်တွင် လက်လီ၊ လက်ကားရောင်းချသူများ၊ ပဲခွဲစက်ရုံများ၊ လက်လီဆိုင်ခွဲများစွာဖြင့် ရောင်းချသည့်ကုမ္ပဏီကြီးများ၊ တင်သွင်းသူများ အကျုံးဝင်ပါကြောင်းနှင့် ၎င်းတို့အနေဖြင့် ပဲသိုလှောင်ထားရှိမှုပမာဏကို စားသုံးသူရေးရာဦးစီးဌာနသို့ မဖြစ်မနေတင်ပြဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း သတ်မှတ်ပြဋ္ဌာန်းချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရန် ညွှန်ကြားထားသဖြင့် ပြည်နယ်များကလည်း သိုလှောင်ရုံကုမ္ပဏီများ၏ သိုလှောင်ထားရှိမှုအခြေအနေတို့ကို စစ်ဆေးမေးမြန်းအတည်ပြုခြင်း ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ချိန်တည်းတွင် ဗဟိုသိုလှောင်ရုံကော်ပိုရေးရှင်းနှင့် ပြည်နယ်သိုလှောင်ရုံကော်ပိုရေးရှင်းများကိုလည်း ၎င်းတို့၏ကုန်သိုလှောင်ရုံများ၌ ပဲစဉ်းငုံနှင့်မတ်ပဲ သို့လှောင်ထားရှိမှုအခြေအနေအသေးစိတ်တင်ပြပေးရန် ဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

၂၀၂၂ - ၂၀၂၃ ခုနှစ် သီးနှံစိုက်ပျိုးရေးကာလတွင် ပဲစဉ်းငုံနှင့်မတ်ပဲထွက်ရှိမှု အနည်းငယ်ကျဆင်းခဲ့သဖြင့် ၎င်းတို့၏လက်လီဈေးနှုန်းများမှာ ဖိအားများနှင့်ကြုံတွေ့နေရကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

Source : Govt removes 40 pc procurement ceiling for tur, urad, masur under PSS to boost domestic production, The Economic Times,  6 June, 2023.

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

 

 

 

 

Category: India (Delhi)