India (Delhi)

အိန္ဒိယနိုင်ငံတွင် ခရမ်းချဉ်သီးနှင့် ဂျင်းဈေးနှုန်းများ နှစ်ပတ်အတွင်း သိသိသာသာမြင့်တက်

Last Updated:

ခရမ်းချဉ်သီးနှင့် ဂျင်းကဲ့သို့သော မီးဖိုချောင်သုံး မရှိမဖြစ်အသီးအနှံဈေးနှုန်းများသည် နှစ်ပတ်အတွင်း သိသိသာသာမြင့်တက်ခဲ့ကြောင်းနှင့် မကြာခင်က အချိန်အခါမဟုတ်ရွာသွန်းသည့်မိုးများကြောင့် အိန္ဒိယမြောက်ပိုင်းဒေသ၏ ခရမ်းချဉ်သီးစိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်ခဲ့ကြောင်း၊ ဂျင်းစိုက်ပျိုးသူများကမူ ယခင်နှစ်က ဆုံးရှုံးထားသည့်ပမာဏအား ကာမိစေရန် ၎င်းတို့၏ကုန်စည်အား ဈေးကောင်းရရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ရောင်းချခြင်းကြောင့်ဖြစ်ကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

တစ်ချိန်တည်းမှာပင် ဖရဲသီးစေ့ဈေးနှုန်းသည် အဓိကတင်ပို့သည့်နိုင်ငံဖြစ်သည့် ဆူဒန်နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေခြင်းကြောင့် ဝယ်ယူတင်သွင်းမှုကျဆင်းပြီး ဈေးနှုန်း ၃ ဆအထိ တက်လာပါကြောင်း၊ ယခုအချိန်တွင် ဖရဲစေ့ ၁ ကီလိုဂရမ်၏ဈေးနှုန်းမှာ အိန္ဒိယရူပီး ၉၀၀ ခန့်ရှိပြီး ဆူဒန်ပဋိပက္ခမဖြစ်မီက ရူပီး ၃၀၀ ခန့်သာရှိရာမှ ဈေးတက်လာခြင်းဖြစ်သည်ဟု ဒေလီအခြေစိုက် ကုန်သည်တစ်ဦးဖြစ်သူ Sanjay Sharma က ပြောကြားထားကြောင်း သိရှိရပါသည်။

ခရမ်းချဉ်သီး၏လက်လီဈေးနှုန်းမှာ ပြီးခဲ့သည့်နှစ်ပတ်အကြာက ရူပီး ၄၀ သာရှိခဲ့ရာမှ ရူပီး ၈၀ အထိ ဈေးတက်လာပါကြောင်း၊ ပြီးခဲ့သည့် အချိန်အခါမဟုတ်ရွာသွန်းသည့်မိုးသည် ခရမ်းချဉ်သီးများကို ပျက်စီးဆုံးရှုံးစေပြီး၊ ဒေလီမြို့၏  Azadpur mandi ဈေးကွက်သို့ ခရမ်းချဉ်သီးဝင်ရောက်မှု ကျဆင်းခဲ့ပါကြောင်းနှင့် သီးနှံများထပ်မံထွက်ရှိလာမည့်အချိန်ထိ ဈေးနှုန်းမှာ အမြင့်ပိုင်းတွင်ရှိနေနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံတောင်ပိုင်းမှ ခရမ်းချဉ်သီးဝယ်လိုအား ကြီးမားစွာမြင့်တက်လာခြင်းသည်လည်း ဈေးနှုန်းကို မြင့်တက်စေကြောင်း၊ ခရမ်းချဉ်သီးသည် Haryana ပြည်နယ်နှင့် Uttar Pradesh ပြည်နယ်တို့မှထွက်ရှိပြီး ဈေးနှုန်းမှာ အနည်ဆုံး ၂ လခန့်အထိ အမြင့်ပိုင်းတွင်ရှိနေနိုင်သည်ဟု  Azadpur mandi ဈေးရှိ ခရမ်းချဉ်သီးကုန်သည် များအသင်းဥက္ကဋ္ဌက ပြောကြားထားကြောင်း သိရှိရပါသည်။

ဂျင်းဈေးနှုန်းမှာ ၁၀၀ ဂရမ်လျှင် ရူပီး ၃၀ မှ ၄၀ သို့ မြင့်တက်လာခဲ့ပါကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် ဂျင်းဈေးများကျဆင်းမှုကြောင့် တောင်သူများထိခိုက်နစ်နာခဲ့သဖြင့် ယခုနှစ်တွင် ဂျင်းကို ဂရုတစိုက်ထိန်းသိမ်းရောင်းချကြပြီး ဈေးနှုန်းမြင့်တက်လာသည့်အချိန်မှသာ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးကြသည်ဟု အိန္ဒိယဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌဖြစ်သူ Shriram Gadhave က ပြောကြားထားပါသည်။

အိန္ဒိယနိုင်ငံ၏နှစ်စဉ်ဂျင်းထုတ်လုပ်နိုင်မှုမှာ တန်ချိန် ၂.၁၂ သန်းခန့်ရှိကြောင်းလည်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

Source : Prices of tomato and ginger skyrocket within a fortnight, The Economic Times, 6 June 2023.

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)