Japan

၂၀၂၃ ဘဏ္ဍာနှစ်တွင် ဂျပန်လုပ်ငန်းရှင်များ၏ ၆၂ ရာခိုင်နှုန်းမှ အခြေခံလစာများ တိုးမြှင့်ပေးသွားမည်

Last Updated:

၂၀၂၂ ဘဏ္ဍာနှစ်တွင် ဂျပန်ကုမ္ပဏီများ၏ ၃၈.၇ ရာခိုင်နှုန်းသာ လုပ်ခလစာတိုးမြှင့်ပေးခဲ့သော်လည်း ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဂျပန်ကုမ္ပဏီများ၏ ၆၂.၁ ရာခိုင်နှုန်းမှ အခြေခံလစာများ တိုးမြှင့်ထားပြီး (သို့မဟုတ်) တိုးမြှင့်ပေးရန်စီစဉ်လျက်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ စစ်တမ်းတွင် ဖော်ပြထားပါသည်။

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ခလစာတိုးမြှင့်ပေးမှုအခြေအနေမှာ ၂၀၂၂ ဘဏ္ဍာနှစ်တွင် ၅၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၃ ဘဏ္ဍာနှစ်တွင် ၆၉.၈ ရာခိုင်နှုန်းသို့လည်းကောင်း၊ ကုန်ထုတ်လုပ်မှုမဟုတ်သော ကဏ္ဍများတွင် လုပ်ခလစာတိုးမြှင့်ပေးမှုအခြေအနေမှာ ၂၀၂၂ ဘဏ္ဍာနှစ်တွင် ၂၈.၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၃ ဘဏ္ဍာနှစ်တွင် ၅၆ ရာခိုင်နှုန်းသို့လည်းကောင်း သိသိသာသာတိုးတက်ခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားပါသည်။

စစ်တမ်းတွင် လစာတိုးမြှင့်ပေးရခြင်းအကြောင်းရင်းကို မေးမြန်းခဲ့ရာ၌ စစ်တမ်းဖြေဆိုသူများ၏ ၈၀.၄ ရာခိုင်နှုန်းက ဝန်ထမ်းများကို စိတ်အားတက်ကြွလာစေရန်၊ အလုပ်ထွက်မှုနှုန်းလျော့နည်းလာစေရန်၊ လုပ်ငန်းခွင်အခြေအနေကောင်းမွန်လာစေရန်အတွက်ဖြစ်ကြောင်းနှင့် အခြားသော ၆၄ ရာခိုင်နှုန်းက တိုးမြင့်လာသောကုန်ဈေးနှုန်းများကို တုံ့ပြန်နိုင်ရန်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

စစ်တမ်းကို မတ်လလယ်မှ ဧပြီလလယ်အတွင်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီကြီး ၅၀၀ နှင့် ကုမ္ပဏီအလတ်နှင့်အငယ် ၇၀၀၊ စုစုပေါင်း ၁၂၀၀ ကို ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

စားသောက်ကုန်မှသည် လောင်စာဆီအထိ အစစအရာရာကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့်  အိမ်ထောင်စုများအပေါ် ဘဏ္ဍာရေးဝန်ပိမှုလျော့ပါးစေရန်အတွက် လစာနှုန်းများတိုးမြှင့်ပေးရန် စီးပွားရေးအသိုက်အဝန်းသို့ ဂျပန်ဝန်ကြီးချုပ် ဖူမီအိုခီရှိဒက တောင်းဆိုခဲ့ပြီးနောက် ဂျပန်ကုမ္ပဏီများအနေဖြင့် ယခုကဲ့သို့လစာတိုးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source : Kyodo News (7-5-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan