Japan

ဂျပန်နိုင်ငံတွင် စားနပ်ရိက္ခာဖူလုံရေးအတွက် စိန်ခေါ်မှုများ ကြုံတွေ့ရနိုင်

Last Updated:

ရုရှား-ယူကရိန်းပဋိပက္ခနှင့် နောက်ဆက်တွဲဆိုးကျိုးများကြောင့် ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သည့်အတွက် စားနပ်ရိက္ခာဖူလုံမှုအတွက် စိန်ခေါ်မှုများကြုံတွေ့နေရသော ဂျပန်နိုင်ငံတွင် ထိုသို့ပြင်ပသက်ရောက်မှုများသည် လက်ရှိအခြေအနေကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် ၂၀၅၀ ပြည့်နှစ်တွင် နိုင်ငံ၏လယ်ယာမြေ ဟတ်တာ ၁ သန်းအား အော်ဂဲနစ်လယ်ယာစနစ်သို့ ပြောင်းလဲရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါရည်မှန်းချက်မှာ လက်ရှိအခြေအနေ၏ ၄၀ ဆဖြစ်သဖြင့် လက်တွေ့တွင် အကောင် အထည်ဖော်ရန် ခက်ခဲကြောင်း စိုက်ပျိုးရေးဖွံ့ဖြိုးမှုကုမ္ပဏီ JIN Group ၏ အကြံပေး Yusaku Yoshikawa က ပြောကြားထားပါသည်။

ပြည်ပမှ တင်သွင်းသည့် ဓာတုဓာတ်မြေဩဇာများကိုသာ အားထားမှီခိုနေရသည့်အတွက် ယခုကဲ့သို့သဘာဝကုန်ကြမ်းများကိုသာအသုံးပြုမည့် အော်ဂဲနစ်လယ်ယာစနစ်သို့ ကူးပြောင်းလိုခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထိုသို့အစိုးရ၏ မဟာဗျူဟာရည်မှန်းချက်များအကောင်အထည်ဖော်ရန်အတွက်  ဂျပန်နိုင်ငံ၏လယ်ယာကဏ္ဍတွင် လူသားအရင်းအမြစ်များလိုအပ်လျက်ရှိကြောင်း၊ ၂၀၀၅ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၂၀ ပြည့်နှစ်တွင် လယ်ယာကဏ္ဍ၌ လုပ်သားဦးရေမှာ ၃၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၂.၂၄ သန်းမှ ၁.၃၆ သန်းသာရှိကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် မွေးမြူရေးဝန်ကြီးဌာန၏ စစ်တမ်းများတွင် ဖော်ပြထားပါသည်။

တရုတ်နှင့်ထိုင်ဝမ်တို့ စစ်ရေးအရပဋိပက္ခများဖြစ်ပေါ်လာမည်ဆိုပါက  ဂျပန်နိုင်ငံသို့ ရေကြောင်းမှတင်သွင်းလာမည့် စားသောက်ကုန်များနှင့် လယ်ယာသုံးကုန်စည်များ ရှားပါးမှုများဖြစ်ပေါ်လာနိုင်မည့်အပေါ်လည်း စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

၂၀၂၁ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုနှုန်းမှာ ၃၈ ရာခိုင်နှုန်းရှိပြီး G-7 အဖွဲ့ဝင်နိုင်ငံများအကြားတွင် အနိမ့်ဆုံးနှုန်းဖြစ်ပါသည်။ အကယ်၍ တရုတ်နှင့်ထိုင်ဝမ်အကြား ပဋိပက္ခဖြစ်ပေါ်ပြီး ကုန်သွယ်မှုလမ်းကြောင်းများ ပြတ်တောက်ခဲ့မည်ဆိုပါက စားနပ်ရိက္ခာဖူလုံမှုနှုန်းမှာ ၁၀ ရာခိုင်နှုန်းသာရှိနိုင်ပြီး နိုင်ငံ့လူဦးရေ ၁၂၄ သန်းအတွက် လုံလောက်မှုမရှိနိုင်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ လူဦးရေအတွက် ဆန်တန်ချိန် တစ်နှစ်လျှင် ၁၆ သန်းတန် လိုအပ်မည်ဖြစ်ပြီး လက်ရှိတွင် ဆန်တန်ချိန် ၇ သန်းအောက်သာ ထုတ်လုပ်နိုင်သည့်အတွက် အကယ်၍ ပဋိပက္ခမှာ ၁ နှစ်ကြာဖြစ်ပွားမည်ဆိုပါက လူဦးရေ သန်း ၆၀ မှာ ဆာလောင်မှုနှင့်ကြုံတွေ့ ရနိုင်ကြောင်း ခန့်မှန်းဖော်ပြထားပါသည်။

ထို့ကြောင့် ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံ၏ အဓိကစားနပ်ရိက္ခာဖြစ်သည့် ဆန်ဖူလုံရေးအတွက် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်မှုကို မြှင့်တင်နိုင်မည်ဆိုပါက ပဋိပက္ခအခြေအနေကို ကျော်လွှားနိုင်မည်သာမက ကမ္ဘာ့ဈေးကွက်တွင် တင်ပို့ရောင်းချနိုင်သည့်အဆင့်သို့ပါ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source : Kyodo News (7-5-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

 

 

 

 

 

 

 

 

 

Category: Japan