Japan

ဂျပန်န်နိုင်ငံအနေဖြင့် ၂၀၂၂ ဘဏ္ဍာနှစ်တွင် ရုရှားမှ ရေထွက်ကုန်ပစ္စည်းများ စံချိန်တင် တင်သွင်းခဲ့

Last Updated:

ဂျပန်နိုင်ငံအနေဖြင့် ၂၀၂၂ ဘဏ္ဍာနှစ်(၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် မတ်လအထိ)တွင် ရုရှားနိုင်ငံမှ ရေထွက်ကုန်တန်ဖိုး ယန်း ၁၅၅.၂ ဘီလီယံ စံချိန်တင် တင်သွင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ရုရှားနှင့်ဂျပန်ဆက်ဆံရေး အဆင်မပြေသော်လည်း ရုရှားနိုင်ငံမှရေထွက်ကုန်များကို ဂျပန်နိုင်ငံအနေဖြင့် ဆက်လက်မှီခိုအားထားနေရကြောင်း ဖော်ပြထားပါသည်။

ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားပြီးနောက် ဂျပန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ Vodka ကဲ့သို့သော ယမကာများနှင့်သစ်ထုတ်ကုန်များတင်သွင်းမှုကို တားမြစ်ခဲ့သော်လည်း ရေထွက်ကုန်များတင်သွင်းမှုကိုမူ ကင်းလွတ်ခွင့်ပြုထားပြီး ဆက်လက်တင်သွင်းခွင့်ပြုခဲ့ကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ရုရှားနိုင်ငံမှ ရေထွက်ကုန်တန်ဖိုး ယန်း ၁၄၀.၂ ဘီလီယံစံချိန်တင် တင်သွင်းခဲ့ဖူးသော်လည်း ၂၀၂၂ ဘဏ္ဍာနှစ်တွင် ရုရှားနိုင်ငံမှ ရေထွက်ကုန်တင်သွင်းမှုမှာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် တစ်နှစ်အကြာ ၁၉၉၂ ခုနှစ်မှစ၍ အများဆုံးပမာဏဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် ရေထွက်ကုန်တင်သွင်းမှုပမာဏ၏ ၄၀ ရာခိုင်နှုန်းနီးပါးကို ပြည်တွင်းစားသုံးမှုအတွက် အသုံးပြုခဲ့ခြင်းဖြစ်ပြီး၊ ဂျပန်နိုင်ငံအနေဖြင့် ၂၀၂၂ ဘဏ္ဍာနှစ်တွင် ရေထွက်ကုန်တန်ဖိုးအားဖြင့် ချီလီနှင့်အမေရိကန်ပြီးလျှင် ရုရှားနိုင်ငံမှ တတိယအများဆုံးတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၂ ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ နှင်းဂဏန်း(ကျောက်ဂဏန်း)ယန်း ၃၂.၆ ဘီလီယံတန်ဖိုးဖြင့် အများဆုံးတင်သွင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ ထိုသို့များပြားခဲ့ရခြင်းမှာ ရုရှားနိုင်ငံမှ ပို့ကုန်များကို အမေရိကန်နှင့်အနောက်နိုင်ငံများမှ တင်သွင်းမှုပိတ်ပင်ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံဘက်သို့ ပိုမိုတင်ပို့လာခြင်းဖြစ်နိုင်ကြောင်း ငါးလုပ်ငန်းကဏ္ဍရှိ အရင်းအမြစ်များအရ သိရှိရကြောင်း ဖော်ပြထားပါသည်။

ထို့အတူ အမေရိကန်နိုင်ငံအနေဖြင့် ဘာရင်းပင်လယ်အတွင်း နှင်းဂဏန်း(ကျောက် ဂဏန်း)ဖမ်းဆီးမှုကို ယာယီရပ်နားခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်မှ တင်သွင်းရရှိမှု လျော့နည်းလာသည့်အတွက် သွင်းကုန်အရင်းအမြစ်သစ်ရှာဖွေလာခြင်းကြောင့်လည်း ရုရှားနိုင်ငံမှတင်သွင်းမှု များပြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထို့အတူ ဂျပန်နိုင်ငံ၏ရေထွက်လုပ်ငန်းတွင် ငါးဖမ်းဆီးနိုင်မှုအခြေအနေဆိုးရွားလာခြင်း ကြောင့်လည်း ရုရှားနိုင်ငံမှတင်သွင်းမှု များပြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ရုရှားနိုင်ငံအနေဖြင့် နိုင်ငံ၏အရှေ့ဖျားဒေသတွင် ငါးလုပ်ငန်းကဏ္ဍပြန်လည်မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး၊ အမေရိကန်နိုင်ငံတွင် ထုတ်လုပ်မှုလျော့နည်းလာသည့်အတွက် ဂျပန်နိုင်ငံတွင် ရုရှားနိုင်ငံမှ ပို့ကုန်များ ပိုမိုများပြားလာနိုင်ကြောင်း Hokkaido Trawl Fisheries Cooperative Federation မှ ဒါရိုက်တာဖြစ်သူ Seiji Haraguchi က ပြောကြားထားပါသည်။

Source : The Japan Today Newspaper (6-5-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

 

Category: Japan