India (Delhi)

2023 ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံအဆင့်၌ ယူအေအီးနိုင်ငံသည် အဆင့် ၄ နေရာသို့ ရောက်ရှိလာ

Last Updated:

ပြီးခဲ့သည့်နှစ်၊ မေလတွင် အိန္ဒိယနိုင်ငံနှင့် ဘက်စုံလွတ်လပ်သည့်ကုန်သွယ်ရေးသဘောတူညီချက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးနောက် ယူအေအီးနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ စတုတ္ထအများဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု‌ ဆောင်ရွက်သည့်နိုင်ငံဖြစ်လာသည်ဟု အစိုးရက ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရှိရကြောင်း Economic Times သတင်းစာက ဖော်ပြထားပါသည်။

၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ်၌ အိန္ဒိယနိုင်ငံတွင် ယူအေအီးနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာ အမေရိကန်ဒေါ်လာ ၁.၀၃ ဘီလီယံနှင့် အဆင့် ၇ နေရာတွင်ရှိရာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၃၅ ဘီလီယံအထိ ၃ ဆတိုးတက်လာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဆင့် ၄ နေရာသို့ ရောက်ရှိလာသည်ဟု ပြည်တွင်းကုန်သွယ်မှုနှင့်စက်မှုကဏ္ဍမြှင့်တင်ရေးဌာန၏  အချက်အလက်များအရ သိရှိရပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံမှာ စင်္ကာပူနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၇.၂ ဘီလီယံရင်းနှီးမြှုပ်နှံထားပါကြောင်း၊ ဒုတိယနှင့်တတိယနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံများမှာ မော်ရေးသျှနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆.၁ ဘီလီယံနှင့် ၆ ဘီလီယံအသီးသီးရင်းနှီးမြှုပ်နှံထားကြကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံနှင့်ယူအေအီးနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေး အလျင်အမြန်အားကောင်းလာခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာလာစေပြီး ယူအေအီးနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေမည် ဖြစ်ပါကြောင်းနှင့် နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်ချောမွေ့မှုရှိစေရေး မူဝါဒပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများကိုဖြစ်စေမည်ဖြစ်ကြောင်း Shard Amarchand Mangaldas & Co, ၏ စီးပွားဖက်ဖြစ်သူ Rudra Kumar Pandey က ပြောကြားထားပါသည်။

အိန္ဒိယနိုင်ငံတွင် ယူအေအီးနိုင်ငံမှ အဓိကရင်းနှီးမြှုပ်နှံသည့်ကဏ္ဍများမှာ ဝန်ဆောင်မှုလုပ်ငန်းများ၊ ရေကြောင်းသယ်ယူပို့ဆောင်မှု၊ လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးကဏ္ဍများတွင်ဖြစ်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးတက်ရသည့် အဓိကအကြောင်းအရင်းမှာ နှစ်နိုင်ငံအကြား ၂၀၂၂ ခုနှစ်၊ မေလတွင် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ အခြားသောအကြောင်းအရင်းတစ်ခုမှာ ယူအေအီးနိုင်ငံ၏ အိန္ဒိယနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန် ကတိကဝတ်ပြုထားမှုဖြစ်ပါကြောင်း၊ ယူအေအီးနိုင်ငံမှ အိန္ဒိယနိုင်ငံ၏ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်ကာလတစ်ခုအတွင်း  အမေရိကန်ဒေါ်လာ ၇၅ သန်းအထိ ရင်းနှီးမြှုပ်နှံမှုပြုရန်ကတိပြုထားပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင်လည်း ပူးပေါင်းဆောင်ရွက်ရန် ကတိပြုထားသည်ဟု Pandey က ပြောကြားထားပါသည်။  

အိန္ဒိယနှင့် ယူအေအီးနှစ်နိုင်ငံအကြားချုပ်ဆိုထားသည့် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်အောက်တွင် များစွာသောနှစ်နိုင်ငံကုန်စည်အမျိုးအစားများကို အခွန်ကောက်ခံမှုသုညရာခိုင်နှုန်းထိ ဖြေလျှော့ပေးထားသကဲ့သို့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ထုံးလုပ်နည်းများကိုလည်း ဖြေလျှော့ဆောင်ရွက်ပေးထားကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမူဝါဒ အဆက်မပြတ်ဖြေလျှော့ပေးမှုများသည်လည်း ရင်းနှီးမြှုပ်နှံမှုကို တိုးတက်စေကြောင်း၊ အလားတူ အိန္ဒိယနိုင်ငံမှ စီးပွားရေးလုပ်ငန်းစတင်ဆောင်ရွက်သူများစွာသည် ယူအေအီးနိုင်ငံတွင် စျေးကွက်ချဲ့ထိုးဖောက်ဆောင်ရွက်လျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအထောက်အကူပြုအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Abu Dhabi Investment Office သည် ၎င်း၏တီထွင်ဆန်းသစ်မှုအစီအစဉ်အောက်မှ တီထွင်ဆန်းသစ်မှုအခြေပြုလုပ်ငန်းအသစ်များကို ငွေကြေးဆိုင်ရာအကူအညီများနှင့်အချက်အလက်များ၊ ချိတ်ဆက်ဆောင်ရွက်မှုများ၊ လိုင်စင်ကိစ္စရပ်များ၊ ထောက်ပံ့သယ်ယူပို့ဆောင်ရေးနှင့် ဗီဇာကဲ့သို့သောဝန်ဆောင်မှုများကို ကူညီထောက်ပံ့ပေးလျက်ရှိသည်ဟု IndusLaw ၏ စီးပွားဖက် ဖြစ်သူ Anindya Ghosh က ပြောကြားထားပါသည်။

ထိုကဲ့သို့ အိန္ဒိယနိုင်ငံမှ ဈေးကွက်ထိုးဖောက်ရေးဆောင်ရွက်ချက်များသည် ယူအေအီးနိုင်ငံအခြေစိုက် ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများကိုလည်း နည်းပညာအခြေပြုလုပ်ငန်းငယ်များကို အိန္ဒိယနိုင်ငံတွင် ပိုမိုရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန် ဆွဲဆောင်မှုတစ်ရပ်ဖြစ်စေကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

Source: UAE emerges as fourth largest investor in India in FY23, The Economic Times, June 11, 2023

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)