Japan

ဂျပန်နိုင်ငံအနေဖြင့် ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုကို ပံ့ပိုးနိုင်ရေး အမေရိကန်ဒေါ်လာ ၁၀၇ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်

Last Updated:

ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံအတွင်း ဓာတ်ငွေ့အသုံးပြုမှုမှသည် ကာဗွန်ထုတ်လုပ်မှုနည်းပါးသည့် ဟိုက်ဒရိုဂျင်ကို ပိုမိုသုံးစွဲနိုင်ရေးအတွက် ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန်ရည်ရွယ်ကာ ၁၅ နှစ် အတွင်း ဂျပန်ယန်း ၁၅ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁၀၇.၅ ဘီလီယံ) ရင်းနှီးမြှုပ်နှံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဇွန်လ ၆ ရက်နေ့တွင် ဂျပန်အစိုးရက ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ကမ္ဘာတစ်ဝန်းရှိ စက်မှုလုပ်ငန်းများ အထူးသဖြင့် ကာဗွန်လုံးဝကင်းစင်အောင်ဆောင်ရွက်ရန် ခက်ခဲသည့် စတီးထုတ်လုပ်ခြင်းနှင့် ဓာတုပစ္စည်းများထုတ်လုပ်ခြင်းကဲ့သို့သောလုပ်ငန်းများတွင် ကာဗွန်ထုတ်လုပ်မှုကို လျှော့ချနိုင်စေရေးအတွက် ဟိုက်ဒရိုဂျင်ကိုသုံးစွဲနိုင်ရေး အပြိုင်အဆိုင်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်တွင် Basic Hydrogen Strategy ကို ပထမဆုံးထုတ်ပြန်ခဲ့ကြောင်း၊ ယခုမူဝါဒသည် အဆိုပါမူဝါဒကိုပြင်ဆင်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုကို ၂၀၄၀ ပြည့်နှစ်တွင် တစ်နှစ်လျှင်တန်ချိန် ၁၂ သန်းထိ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ရည်မှန်းထားကြောင်း ဖော်ပြထားပါသည်။

ကနဦးထုတ်ပြန်ခဲ့သည့်စီမံချက်ကို Hydrogen Supply in Japan ဟုခေါ်ဝေါ်ခဲ့ပြီး ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုကို ယခုထုတ်လုပ်လျက်ရှိသည့်တန်ချိန် ၂ သန်းမှ ၂၀၂၃ ပြည့်နှစ်တွင် နှစ်စဉ်တန်ချိန် ၃ သန်းထိ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ရည်မှန်းဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် ၂၀၅၀ ပြည့်နှစ် တန်ချိန် သန်း ၂၀ ထုတ်လုပ်နိုင်ရန် ရည်မှန်းသွားမည်ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်သို့ ရောင်းချကာ နှစ်စဉ်အမေရိကန်ဒေါ်လာ ၂.၅ ထရီလီယံရရှိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရေး သုံးစွဲသွားမည့် ဂျပန်ယန်း ၁၅ ထရီလီယံတွင် အစိုးရက ၆ ထရီလီယံမှ ၈ ထရီလီယံအထိပံ့ပိုးသွားမည်ဖြစ်ပြီး ကျန်ပမာဏကို ပုဂ္ဂလိကကဏ္ဍမှ ရရှိနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ ပြောကြားထားပါသည်။

အဆိုပါအစီအစဉ်မှတစ်ဆင့် ဂျပန်ကုမ္ပဏီများအား ရေမှတစ်ဆင့် ဟိုက်ဒရိုဂျင်ထုတ်လုပ်ရန် လိုအပ်သည့် Electrolysers များကို အဓိကထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံ၏ ယခုလက်ရှိ Electrolyser Capacity မှာ ၁ ဂီဂါဝပ်အောက်သာရှိသည့်အတွက် ၂၀၃၀ ပြည့်နှစ်တွင် ဟိုက်ဒရိုဂျင်ပိုမိုထုတ်လုပ်နိုင်ရေး ပြည်တွင်းပြည်ပရှိဂျပန်ကုမ္ပဏီများ၏  Electrolyser Capacity ကို  ၁၅ ဂီဂါဝပ်သို့ ရောက်ရှိစေရေး မျှော်မှန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထား ပါသည်။

Source : Reuters (5-6-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan