Japan

၂၀၃၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံရှိ ကုမ္ပဏီကြီးများ၏ အကြီးတန်းရာထူးများတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း အနည်းဆုံးခန့်အပ်နိုင်ရေး မူဝါဒရေးဆွဲလျက်ရှိ

Last Updated:

ဂျပန်အစိုးရအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် Tokyo Stock Exchange Prime Market တွင် စာရင်းဝင်ထားသည့် ကုမ္ပဏီများရှိ အကြီးတန်းရာထူးများ၏ အနည်းဆုံး ၃၀ ရာခိုင်နှုန်းတွင် အမျိုးသမီးများခန့်ထားနိုင်ရေး မူဝါဒမူကြမ်းရေးဆွဲထားပြီးဖြစ်ပါသည်။ အဆိုပါ Priority Policies for Women’s Empowerment and Gender Equality မူကြမ်းကို ဇွန်လ ၅ ရက်နေ့၌ Council for Gender Equality meeting သို့ တင်ပြခဲ့ကြောင်း ဖော်ပြထားပါသည်။

အဆိုပါမူဝါဒသည် အမျိုးသမီးများ၏ပါဝင်မှုမြှင့်တင်နိုင်ရေးနှင့် ကျား-မတန်းတူညီမျှမှုကို မြှင့်တင်နိုင်ရေး အစိုးရမှဆောင်ရွက်ခဲ့သည့်မူဝါဒသစ်ဖြစ်ပြီး မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါမူဝါဒထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်မှာ အုပ်ချုပ်မှုပိုင်းဆိုင်ရာရာထူးများတွင် အမျိုးသမီးများ၏ပါဝင်မှုကို မြှင့်တင်နိုင်ရန်ဖြစ်ကြောင်း၊ အမေရိကန်နှင့် ဥရောပနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ဂျပန်နိုင်ငံရှိ အကြီးတန်းရာထူးများတွင် အမျိုးသမီးများပါဝင်မှုနည်းပါးနေကြောင်း၊ ထို့ကြောင့် အမျိုးသမီးများ တက်ကြွစွာပါဝင်ဆောင်ရွက်နိုင်သည့် လူမှုအသိုက်အဝန်းထူထောင်ဖန်တီးနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံရှိ ကုမ္ပဏီကြီးများပါဝင်သည့် Tokyo Stock Exchange Prime Market ရှိ အကြီးတန်းရာထူးများတွင် အမျိုးသမီးများ၏ပါဝင်မှုရာခိုင်နှုန်းမှာ ၁၁.၄ ရာခိုင်နှုန်းရှိကြောင်း၊ Tokyo Stock Exchange Prime Market တွင် မေလ ၃၁ ရက်နေ့အထိ စာရင်းဝင်ထားသည့်ကုမ္ပဏီ ၁,၈၃၅ ခုရှိပြီး၊ အဆိုပါကုမ္ပဏီ ၂၀ ရာခိုင်နှုန်း၏ အကြီးတန်းရာထူးများတွင် အမျိုးသမီးလုံးဝခန့်အပ်ထားခြင်းမရှိကြောင်း၊ ၂.၂ ရာခိုင်နှုန်းသော ကုမ္ပဏီများ၏ အကြီးတန်းရာထူးများတွင်သာ အမျိုးသမီးများကို ၃၀ ရာခိုင်နှုန်းနှင့်အထက် ခန့်အပ်ထားကြောင်း ဖော်ပြထားပါသည်။

အဆိုပါမူဝါဒအရ ၂၀၂၅ ခုနှစ်တွင် အကြီးတန်းရာထူးများ၌ အမျိုးသမီးအနည်းဆုံး ၁ ဦးပါဝင်လာနိုင်မည်ဖြစ်ပြီး၊ ၂၀၃၀ ပြည့်နှစ်တွင် အကြီးတန်းရာထူးများ၌ အမျိုးသမီး အနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်လာနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါမူဝါဒကို Annual Basic Policy on Economic and Fiscal Management and Reform တွင် ထည့်သွင်းသွားမည်ဖြစ်ပြီး ယခုလကုန်တွင် အစိုးရအဖွဲ့က အတည်ပြုသွားရန်ရှိကြောင်း ဖော်ပြထားပါသည်။

Source : The Asahi Shimbun (6-6-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan