India (Delhi)

တရုတ်၊ ကိုရီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ တင်သွင်းလာသည့် Optical Fibre များအပေါ်တွင် Anti-dumping အခွန်ကောက်ခံရန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အကြံပြု

Last Updated:

ပြည်ပမှဈေးနှုန်းသက်သာစွာဖြင့်တင်သွင်းလာခြင်းကြောင့် ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းများအား ထိခိုက်မှုမှအကာအကွယ်ပေးနိုင်ရန်အတွက် တရုတ်၊ ကိုရီးယား နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ တင်သွင်းလာသည့် Optical Fibres များအပေါ်တွင် Anti-dumping duty ကောက်ခံမှုပြဌာန်းဆောင်ရွက်ရန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုကုစားရေး ညွှန်ကြားရေးမှူးချုပ် (The Directorate General of Trade Remedies - DGTR) က အကြံပြုခဲ့ကြောင်း၊ အထက်ပါသုံးနိုင်ငံမှ တင်သွင်းလာသည့် ‘Dispersion Unshifted Single-mode Optical Fiber’ များကို စုပုံတင်သွင်းဟုတ်/မဟုတ် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် အခွန်ကောက်ခံဆောင်ရွက်ရန် အကြံပြုခဲ့ခြင်းဖြစ်ကြောင်း Economic Times သတင်းစာက ဖော်ပြထားပါသည်။

အထက်ပါ Optical Fibres များကို ကြီးမားသည့် ဒေတာအချက်အလက်များကို ဝေးကွာသည့်နေရာများသို့ ကွန်ရက်ချိတ်ဆက်ပို့ဆောင်မှုစနစ်တို့တွင် အဓိကအသုံးပြုပါကြောင်း၊ ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းကဏ္ဍကိုယ်စား Birla Furukawa Fiber Optics Pvt. Ltd က အဆိုပါတရုတ်၊ ကိုရီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ တင်သွင်းလာသည့် Optical Fibres များအပေါ် စုပုံတင်ပို့ခြင်း ဟုတ်၊ မဟုတ်စိစစ်ရန် ဦးဆောင်တင်ပြခဲ့ခြင်းဖြစ်ပါကြောင်းနှင့် စုပုံတင်သွင်းခြင်းသည် ပြည်တွင်းလုပ်ငန်းများကို ထိခိုက်မှုရှိသဖြင့် အခွန်ကောက်ခံဆောင်ရွက်ပေးရန် တောင်းဆိုထားပါကြောင်း၊ အဆိုပါစုပုံတင်သွင်းခြင်းကြောင့် ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းရှင်များသည် ၎င်းတို့၏ထုတ်ကုန်ပစ္စည်းများကို အိန္ဒိယဈေးကွက်တွင် ရောင်းချနိုင်သည့်ဈေးနှုန်းထက် လျှော့ချပြီး ရောင်းချရသဖြင့် ပြည်တွင်းထုတ်လုပ်သူများ၏ အကျိုးအမြတ်အပေါ်တွင် ဆိုးရွားစွာသက်ရောက်မှုများရှိနေပါကြောင်း၊ ထို့ကြောင့် ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းများအပေါ် ထိခိုက်နစ်နာမှုကို ဖယ်ရှားပေးနိုင်ရန်အတွက် စုပုံတင်သွင်းခြင်းမှ တန်ပြန်ကောက်ခံသည့်အခွန် (Anti-dumping duties) ကို ကောက်ခံရခြင်းဖြစ်ပါကြောင်း ကုန်သွယ်မှုကုစားရေး ညွှန်ကြားရေးမှူးချုပ်၏ အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားပါကြောင်း သိရှိရပါသည်။

အဆိုပြုအခွန်နှုန်းထားများမှာ ၁၀၀၀ Fiber Kilometre တွင် အမေရိကန်ဒေါ်လာ ၁၂၂ ဒေါ်လာ မှ ၈၅၇.၂၃ ‌ဒေါ်လာအတွင်းဖြစ်ကြောင်း၊ အဆိုပြုချက်ကို ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်မှ ကုန်သွယ်ရေးကုစားမှု ညွှန်ကြားရေးမှူးချုပ်က တင်ပြခြင်းဖြစ်ပြီး ဘဏ္ဍာ‌ရေးဝန်ကြီးဌာနက နောက်ဆုံးဆုံးဖြတ်ချက်ကို ၃ လအတွင်း ချမှတ်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဈေးကွက်ပေါက်ဈေးထက်လျော့နည်းတင်သွင်းလာမှုကြောင့် ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းများကို ထိခိုက်မှုရှိလာလျှင် နိုင်ငံများအနေဖြင့် စုပုံတင်သွင်းခြင်းအား တန်ပြန်ကောက်ခံသည့်အခွန်ကို ကျင့်သုံးဆောင်ရွက်နိုင်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နိုင်ငံစုံ ကုန်သွယ်မှုစနစ်များနှင့်အညီ တန်ပြန်ဆောင်ရွက်ချက်အနေဖြင့် အခွန်ကောက်ခံခြင်းကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ စုပုံတင်သွင်းခြင်းကို တန်ပြန်သည့်လုပ်ငန်းဆောင်ရွက်ခြင်းသည် မျှတသောကုန်သွယ်မှုဖြစ်စေရန်နှင့် ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းများ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်ဖြစ်ကြောင်းနှင့် ကုန်ပစ္စည်းတင်သွင်းမှုများကို ကန့်သတ်ခြင်း (သို့မဟုတ်) မလိုလားအပ်သောထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်တက်စေခြင်းများကို ဖြစ်စေမည်မဟုတ်ကြောင်း  Economic Times သတင်းစာက ဖော်ပြထားပါသည်။

Source : Commerce ministry recommends anti-dumping duty on optical fiber imported from China, Korea, Indonesia, The Economic Times News, 9 May 2023

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)