Singapore

စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် မလေးရှားနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနတို့အကြား ပထမအကြိမ် နှစ်ပတ်လည်ဝန်ကြီးများအဆင့် တွေ့ဆုံဆွေးနွေးပွဲ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ခြင်း

Last Updated:

စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Gan Kim Yong နှင့် မလေးရှားနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး YB Senator Tengku Datuk Seri Utama Zafrul Tengku Abdul Aziz တို့က ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် နှစ်ပတ်လည်ဝန်ကြီးများအဆင့်တွေ့ဆုံဆွေးနွေးပွဲတွင် ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။

စင်ကာပူနိုင်ငံနှင့်မလေးရှားနိုင်ငံတို့သည် စီးပွားရေးအရသာမက ပြည်သူအချင်းချင်းကူးလူးဆက်သွယ်ထားသည့် နှစ်နိုင်ငံဆက်ဆံရေးဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံသည် အပြန်အလှန်အားဖြင့် ဒုတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံများဖြစ်ပါသည်။ နှစ်နိုင်ငံကုန်သွယ်မှုမှာ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၄.၅၅ ဘီလီယံရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၃.၅၃ ဘီလီယံ၊ တိုးတက်မှုရာခိုင်နှုန်း ၃၇.၆ ရာခိုင်နှုန်းရှိခဲ့ပါသည်။ မလေးရှားနိုင်ငံတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့်နိုင်ငံများအနက် စင်ကာပူနိုင်ငံသည် အရေးပါသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် မလေးရှားနိုင်ငံ၏ စုစုပေါင်းနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ၈.၃ ရာခိုင်နှုန်းမှာ စင်ကာပူရင်းနှီးမြှုပ်နှံမှုဖြစ်ပါသည်။

နှစ်နိုင်ငံဝန်ကြီးများက နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို မြှင့်တင်ရန်နှင့် မလေးရှားနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန (Ministry of Investment, Trade and Industry – MITI) နှင့် စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန (Ministry of Trade and Industry–MTI)ရှိ အရာရှိများအကြား ဆက်ဆံရေးပိုမိုခိုင်မာလာစေရန်အတွက် နှစ်ပတ်လည်ဝန်ကြီးများအဆင့် တွေ့ဆုံဆွေးနွေးပွဲကို နှစ်စဉ်ပြုလုပ်ရန် သဘောတူခဲ့ပါသည်။

နှစ်နိုင်ငံဝန်ကြီးများက ဆွေးနွေးပွဲတွင် ဒီဂျစ်တယ်စီးပွားရေးနှင့် အစိမ်းရောင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် မူဘောင် ၂ ခုအပေါ် အကောင်အထည်ဖော်နေမှု၊ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ပြန်လည်သုံးသပ်ခဲ့ပါသည်။ အဆိုပါမူဘောင် ၂ ခုကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် မလေးရှားဝန်ကြီးချုပ် YAB Dato’ Seri Anwar Ibrahim ၏ စင်ကာပူနိုင်ငံသို့ လာရောက်သည့်ခရီးစဉ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။

ဒီဂျစ်တယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင်အရ ဝန်ကြီးများက လုပ်ငန်းအဖွဲ့အသစ်ဖွဲ့စည်းမှုကို ကြေညာခဲ့ပါသည်။ အဆိုပါလုပ်ငန်းအဖွဲ့တွင် MITI ၊ Malaysia External Trade Development Corporation (MATRADE)၊ MTI ၊ Infocomm Media Development Authority of Singapore (IMDA) နှင့် Monetary Authority of Singapore (MAS) တို့ပါဝင်ပါသည်။ လုပ်ငန်းအဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် MATRADE Digital Trade Platform နှင့် စင်ကာပူနိုင်ငံ၏ Business sans Borders Initiative တို့အပေါ်အခြေခံ၍ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုမြှင့်တင်ရေးကို လေ့လာသုံးသပ်သွားမည်ဖြစ်ပါသည်။ 

အစိမ်းရောင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင်အရ နှစ်နိုင်ငံဝန်ကြီးများသည် Capacity Development Programme for Exporters အစီအစဉ်တွင် MATRADE နှင့် Enterprise Singapore (EnterpriseSG) တို့အကြား ပူးပေါင်းဆောင်ရွက်နေမှုများကို ကြိုဆိုခဲ့ပါသည်။ နှစ်နိုင်ငံအကြား ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အတွေ့အကြုံများနှင့် အဖြေရှာမှုများကို ဝေမျှသွားမည်ဖြစ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံသည့်မူဘောင်များနှင့် အစိမ်းရောင်ဘဏ္ဍာရေးနှင့်စပ်လျဉ်းသည့်ဆောင်ရွက်မှုကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ပြန်သွားရန် စီစဉ်ထားပါသည်။

ဒီဂျစ်တယ်ကုန်သွယ်ရေးနှင့် အစိမ်းရောင်စီးပွားရေးဆိုင်ရာမူဝါဒချမှတ်သူများအကြား နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေရန်အတွက် ဆွေးနွေးပွဲကိုလည်း ပြုလုပ်ခဲ့ပါသည်။ ဒီဂျစ်တယ်ကုန်သွယ်မှုတွင် နှစ်နိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအစီအစဉ်များ နှင့်လုပ်ထုံးလုပ်နည်းများအသစ်များကို လက်ခံကျင့်သုံးကြမည်ဖြစ်ရာ နှစ်နိုင်ငံဝန်ကြီးများက ကောင်းမွန်သည့်လုပ်ထုံးလုပ်နည်းနှင့် စီမံအုပ်ချုပ်မှုမူဘောင်များသည် စီးပွားရေးအခွင့်အလမ်းများကို လွယ်ကူချောမွေ့စေကြောင်းကို အသိအမှတ်ပြုခဲ့ပါသည်။ ဒီဂျစ်တယ်ကုန်သွယ်မှုဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် MITI နှင့် MTI တို့က ကျင်းပခဲ့ပြီး အစိမ်းရောင်စီးပွားရေးဆိုင်ရာဆွေးနွေးပွဲကို စင်ကာပူနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် မလေးရှားနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနတို့က ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ပြုလုပ်ခဲ့ပြီး လျှပ်စစ်ယာဉ်နှင့်စပ်လျဉ်းသည့် အစီအစဉ်များကို မျှဝေခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် MTI နှင့် NanoMalaysia တို့အကြား ဟိုက်ဒရိုဂျင်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ပါသည်။ MTI နှင့် MITI တို့အနေဖြင့် စက်ရုံအလုပ်ရုံများက ကာဗွန်ထုတ်လွှတ်နိုင်ခွင့်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာအတွက် စံသတ်မှတ်ချက်များစသည့်နယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလား အလာများကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပါသည်။

နှစ်နိုင်ငံဝန်ကြီးများက  နှစ်နိုင်ငံစီးပွားရေးနှင့်နိုင်ငံသားများအတွက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေရေး နှစ်နိုင်ငံစီးပွားရေးဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများကို နီးနီးကပ်ကပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောတူခဲ့ပါသည်။ ကမ္ဘာ့စီးပွားရေးဝန်းကျင်မတည်ငြိမ်မှုများအကြားတွင် ကုန်သွယ်မှုနှင့်ထောက်ပံ့မှုကွင်းဆက်များကို ခွင့်ပြုပေးခြင်း၊ ဘက်ပေါင်းစုံ၊ အဖွဲ့အစည်းများ ပါဝင်သောဖိုရမ်တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းတို့မှာ အရေးကြီးကြောင်းနှင့်နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာအားကောင်းစေရန်အတွက် ကတိကဝတ်များကို  ထပ်လောင်းအတည်ပြုခဲ့ကြပါသည်။

ရင်းမြစ်။        ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ စင်ကာပူ

(စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

 

 

 

Category: Singapore