India (Delhi)

ယူကရိန်းနိုင်ငံမှ တင်ပို့မှုများကြောင့် အိန္ဒိယနိုင်ငံတွင် နေကြာဆီဈေးနှုန်းများကျဆင်း

Last Updated:

အိန္ဒိယနိုင်ငံဈေးကွက်သို့ ယူကရိန်းနိုင်ငံမှနေကြာဆီများ များပြားစွာဝင်ရောက်လာသည့်အတွက် နေကြာဆီဈေးနှုန်းသည် ပဲပိစပ်ဆီဈေးနှုန်းထက် ၁၀ ရာခိုင်နှုန်းကျော်ကျဆင်းသွားကြောင်း လူသုံးကုန်ပစ္စည်းရောင်းချသည့်ကုမ္ပဏီများဖြစ်သည့် Adani Wilmar ကုမ္ပဏီ၊ Geminin Edibles & Fats India ကုမ္ပဏီနှင့် Tirupati Agritrade ကုမ္ပဏီတို့က ပြောကြားထားကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

ယူကရိန်းနိုင်ငံသည် ကမ္ဘာ့ဈေးကွက်သို့ ဂျုံတင်ပို့မှုကိုလည်း မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည့်နှစ်လအတွင်း ၁၀ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်းထိ တစ်ရှိန်ထိုးတိုးတက်တင်ပို့ခဲ့သည့်အတွက် အိန္ဒိယနိုင်ငံရှိ ဂျုံဈေးနှုန်းကိုလည်း သက်ရောက်မှုများရှိနိုင်ပါကြောင်း၊ ဂျုံဈေးနှုန်းအေးစက်နေသည့်အချိန်တွင် Bihar ၊ Uttar Pradesh ၊ Madhya Pradesh နှင့် Odisha ပြည်နယ်တို့တွင် မိုးနှောင်းဆန်ထွက်ရှိမှု ကျဆင်းခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ပတ်အတွင်း ၁၅ ရာခိုင်နှုန်းထိ ဈေးနှုန်းမြင့်တက်လာသည်ကို တွေ့ရှိရသည်ဟု အထက်ပါကုမ္ပဏီများက ပြောကြားထားကြောင်း သိရှိရပါသည်။

လတ်တလောတွင် ပဲပိစပ်ဆီဈေးနှုန်းမှာ တစ်လီတာလျှင် ရူပီး ၁၃၀ ခန့်ရှိနေသော်လည်း နေကြာဆီဈေးနှုန်းများမှာ လက်လီအရောင်းဆိုင်များ၌ တစ်လီတာလျှင် ရူပီး ၁၁၀ မှ ၁၂၀ ကြားတည်ငြိမ်လျက်ရှိပြီး ယူကရိန်းသည် နေကြာဆီများစွာကို အိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိသည့်အတွက် ဈေးနှုန်းသက်သာသည့် နေကြာဆီဝယ်လိုအားကောင်းလာမည်ဟု မျှော်လင့်ထားသည်ဟု Adani Wilmar ကုမ္ပဏီ၏ Managing Director ဖြစ်သူ Angshu Mallick က ပြောကြားထားပါသည်။

အိန္ဒိယနိုင်ငံသည် ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နှစ်စဉ် နေကြာဆီတန်ချိန်သန်းပေါင်း ၂ သန်းမှ ၂.၅ သန်းအထိ တင်သွင်းလျက်ရှိကြောင်း Economic Times သတင်းစာက ဖော်ပြထားပါသည်။  

Source: Sunflower Oil Prices fall as Ukraine ships stock to India, The Economic Times, June 13, 2023.

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

 

Category: India (Delhi)