Japan

ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတိုးတက်လာမှုတို့ကြောင့် ဟိုတယ်လုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅ ဆကျော်မြင့်တက်လာ

Last Updated:

ဂျပန်နိုင်ငံ၏ စီးပွားရေးကောင်းမွန်လာမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတိုးတက်လာမှုတို့ကြောင့် အိမ်ရာအဆောက်အဦတည်ဆောက်ဖွံ့ဖြိုးမှုလုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်လျက်ရှိကြောင်း၊ ကမ္ဘာ့တတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ၏ ဟိုတယ်လုပ်ငန်းကဏ္ဍတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လလယ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ယန်း ၉၈ ဘီလီယံ (အမေရိကန် ဒေါ်လာ ၆၉၁ သန်း) ဆွဲဆောင်နိုင်ခဲ့ပြီး အဆိုပါပမာဏမှာ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် ရရှိခဲ့သည့် ရင်းနှီးမြှုပ်နှံမှုပမာဏ ယန်း ၁၇.၈ ဘီလီယံနှင့်နှိုင်းယှဉ်ပါက ၅ ဆကျော်များပြားခဲ့ကြောင်း Morgan Stanley Capital International(MSCI) ၏အိမ်ခြံမြေဆိုင်ရာ သုတေသနအချက်အလက်များတွင် ဖော်ပြထားပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂ နှစ်ကျော် ခရီးသွားဧည့်သည်များဝင်ရောက်ခွင့် ပိတ်ထားခဲ့သည့် ဂျပန်နိုင်ငံအနေဖြင့် အောက်တိုဘာလအစောပိုင်းတွင် ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များအားလုံးကို ဖြေလျှော့ခဲ့ပြီးနောက် နိုင်ငံတွင်းသို့ ခရီးသွားဧည့်သည်လာရောက်မှုမြှင့်တင်နိုင်ရေး ဆွဲဆောင်နိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။ Japan National Tourism Organization က ထုတ်ပြန်ထားသည့် အချက်အလက်များအရ ဧပြီလတွင် ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည် ၂ သန်းလာရောက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးမှုတုံ့ဆိုင်းနေရာမှ ပြန်လည်ကောင်းမွန်လာသည်ကို တွေ့ရှိရကြောင်း၊ ဂျပန်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး(GDP)တိုးတက်မှုနှုန်းမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ၂.၇ ရာခိုင်နှုန်းရှိခဲ့ပြီး မူလခန့်မှန်းထားသည့် ၁.၆ ရာခိုင်နှုန်းကို ကျော်လွန်နိုင်ကာ တိုးတက်မှုနှုန်းမြင့်မားခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ ဟိုတယ်လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏအများဆုံးဖြစ်သည့် အမေရိကန်ဒေါ်လာ ၄၁၉ သန်းဖြင့် အခန်း ၇၄၆ ခန်းပါဝင်သော Hyatt Regency Tokyo ကို အမေရိကန်အခြေစိုက်ကုမ္ပဏီ KKR နှင့် ဟောင်ကောင်အခြေစိုက် Gaw Capital တို့က မတ်လတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ထို့အတူ ဟောင်ကောင်အခြေစိုက် Golden Resources Development အနေဖြင့် ဂျပန်နိုင်ငံ၏ Ni Corporation ကို ဝယ်ယူကာ ယန်း ၃.၄ ဘီလီယံရင်းနှီးမြှုပ်နှံ၍ Niseko ၌ Ski Resort လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ် တတိယ ၃ လပတ်ကာလကတည်းက ဟိုတယ်လုပ်ငန်းကဏ္ဍသည် ဂျပန်နိုင်ငံ၏ စုစုပေါင်းနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွင် ၄၀ ရာခိုင်နှုန်းကျော်ပါဝင်လျက်ရှိကြောင်း၊ ထိုသို့ ဟိုတယ်လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများမြင့်တက်လာရခြင်းမှာ စားသုံးသူများ၏သုံးစွဲနိုင်မှုပမာဏ မြင့်မားလာခြင်းကြောင့် စီးပွားရေးတိုးတက်ကောင်းမွန်လာသည်နှင့်အမျှ ဂျပန်နိုင်ငံ၏အိမ်ရာအဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်းကဏ္ဍအပေါ် စိတ်ဝင်စားမှုများမြင့်တက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။  

ထို့အတူ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်သည့် အခြားသောလုပ်ငန်းကဏ္ဍမှာ ရုံးခန်းနှင့်အိမ်ရာများတည်ဆောက်သည့်လုပ်ငန်းများဖြစ်ကြောင်း၊ ဇန်နဝါရီလမှ ဧပြီလအထိ ရုံးခန်းများတည်ဆောက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ယန်း ၄၄.၁ ဘီလီယံဝင်ရောက်ခဲ့ကြောင်း၊ အိမ်ရာအဆောက်အဦတည်ဆောက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ယန်း ၉၉.၆ ဘီလီယံဝင်ရောက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

စင်ကာပူအခြေစိုက် SilkRoad Property Partners အနေဖြင့် ယန်း ၁၉.၅ ဘီလီယံရင်းနှီးမြှုပ်နှံ၍ တိုကျိုမြို့လယ်တွင် (၉)ထပ်ရုံးခန်းအဆောက်အဦတည်ဆောက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဦးစားပေးအခွင့်အရေးများပေးအပ်ထားသည့် ဂျပန်နိုင်ငံ၏ အိမ်ရာအဆောက်အဦတည်ဆောက်သည့် လုပ်ငန်းကဏ္ဍတွင် ယှဉ်ပြိုင်မှုအားကောင်းလျက်ရှိသော်လည်း ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ဆွဲဆောင်ထားနိုင်ဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၁ ခုနှစ်တွင် အဆိုပါအိမ်ရာအဆောက်အဦတည်ဆောက်သည့် လုပ်ငန်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုအများအပြားကို ဆွဲဆောင်နိုင်ခဲ့ကြောင်း၊ Savillis Investment Management အနေဖြင့် တိုကျို၊ အိုဆာကာနှင့်နာဂိုယာတွင် အိမ်ရာ(၁၀)ခု၌ ယန်း ၂၄ ဘီလီယံရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ ထို့အတူ AXA IM Alts အနေဖြင့် Sendai တွင် ယန်း ၄.၂ ဘီလီယံရင်းနှီးမြှုပ်နှံ၍ အိမ်ရာအဆောက်အဦ(၂)လုံး တည်ဆောက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

Source : South China Morning Post  (18-6-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့) 

Category: Japan