Japan

၂၀၁၆ ခုနှစ်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံအား ငွေကြေးဆိုင်ရာ စောင့်ကြည့်စာရင်းမှ အမေရိကန်ပယ်ဖျက်ခဲ့

Last Updated:

အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ဂျပန်နိုင်ငံအား ၂၀၁၆ ခုနှစ်မှစတင်ပါက ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများချမှတ်ရာတွင် မျှတမှုမရှိရန် အလားအလာများသည့် အဓိကကုန်သွယ်ဖက်နိုင်ငံများစာရင်းတွင် ဂျပန်နိုင်ငံအား ထည့်သွင်းထားခြင်းမှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ပယ်ဖျက်ပေးခဲ့ကြောင်း ဖော်ပြထားပါသည်။  

အဆိုပါသတင်းတွင် တစ်နှစ်လျှင် ၂ ကြိမ် အမေရိကန်လွှတ်တော်သို့ တင်ပြလျက်ရှိသည့် အစီရင်ခံစာတွင်ဖော်ပြပါရှိသည့် စောင့်ကြည့်စာရင်း၌ တရုတ်၊ ဂျာမနီ၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်နှင့် ထိုင်ဝမ်စသည့်နိုင်ငံနှင့် ဒေသ ၇ ခုကို ထည့်သွင်းထားကြောင်း၊ အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ယန်းငွေတန်ဖိုးကျဆင်းနေမှုအပေါ် ထိန်းသိမ်းနိုင်ရန်အတွက် ဂျပန်နိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရေးဆိုင်ရာ မူဝါဒများချမှတ်ဆောင်ရွက်ခဲ့မှုကြောင့် “စဉ်ဆက်မပြတ်စောင့်ကြည့်၍ မူဝါဒများချမှတ်ဆောင်ရွက်ခြင်း” ဟူသည့်သတ်မှတ်ချက်ကို ပြည့်မီခဲ့သည့်အတွက် ဂျပန်နိုင်ငံအား စောင့်ကြည့် စာရင်းမှ ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

သို့သော် ထိုသို့သောမူဝါဒများပြင်ဆင်ဆောင်ရွက်ခြင်းကို အခြားသောနိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးတိုင်ပင်ပြီးမှသာ ဆောင်ရွက်သင့်ပြီး အလွန်ထူးခြားသည့်အခြေအနေမျိုးတွင်သာ ဆောင်ရွက်သင့်ကြောင်း ဖော်ပြထားပါသည်။ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် မည်သည့်ကုန်သွယ်ဖက်နိုင်ငံကိုမျှ ငွေကြေးခြယ်လှယ်ကစားသူအဖြစ် သတ်မှတ်ခဲ့ခြင်းမရှိပါကြောင်း၊ ထိုသို့သတ်မှတ်ခံရပါကလည်း အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုများ ခံရမည်ဖြစ်ပါကြောင်း၊ သို့သော် တရုတ်နိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်သည့်စနစ်တွင် ပါဝင်သည့်လုပ်ငန်းစဉ်များမှာ ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် တရုတ်နိုင်ငံအား အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါအမေရိကန်နိုင်ငံ၏ ငွေကြေးဆိုင်ရာစောင့်ကြည့်စာရင်းတွင် ထည့်သွင်းရန်အတွက် အမေရိကန်နိုင်ငံအနေဖြင့် သက်ဆိုင်ရာနိုင်ငံသည် ကုန်သွယ်မှုဆိုင်ရာ အကျိုးအမြတ်များရရှိနိုင်ရန်အတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းကို ခြယ်လှယ်ခဲ့ခြင်းရှိ-မရှိ သတ်မှတ်ချက်(၃)ခုကို အသုံးပြုပါကြောင်း၊ အမေရိကန်နိုင်ငံနှင့်ကုန်သွယ်မှုပမာဏ၊ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)တွင် စာရင်းရှင်စာရင်းပိုလျှံငွေ (Current Account Surplus) ပါဝင်မှုပမာဏနှင့် နိုင်ငံခြားငွေဈေးကွက်တည်ငြိမ်မှုရှိစေရန် မူဝါဒများချမှတ်ဆောင်ရွက်မှုအတိုင်းအတာစသည်တို့ကို သတ်မှတ်အကဲဖြတ်ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်လွှတ်တော်သို့ တင်ပြသည့်အစီရင်ခံစာတွင် ဂျပန်နိုင်ငံ၏ ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် တိုးတက်ဆောင်ရွက်မှုအခြေအနေများကို  ဖော်ပြထားပြီး ဂျပန်နိုင်ငံအနေဖြင့် သတ်မှတ်ချက် ၃ ချက်အနက် ၁ ချက်ဖြစ်သည့် ဂျပန်နိုင်ငံနှင့်အမေရိကန်ကုန်သွယ်မှုတွင် ဂျပန်နိုင်ငံမှ ကုန်သွယ်မှုပိုငွေအများအပြားဖြစ်ပေါ်ခဲ့ခြင်းမှအပ ကျန် ၂ ချက်မှာ အစီရင်ခံစာထုတ်ပြန်ခဲ့သည့် ၂ ကြိမ်ဆက်တိုက်တွင် အကျုံးဝင်ခဲ့ခြင်းမရှိခဲ့ကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံအား ငွေကြေးဆိုင်ရာ စောင့်ကြည့်စာရင်းမှ ပယ်ဖျက်ခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: The Japan Times (18-6-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan