Japan

ဂျပန်နိုင်ငံမှ ရုရှားနိုင်ငံသို့ တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor)တင်ပို့မှုကို ပိတ်ပင်ထားသော်လည်း ဆက်လက်တင်ပို့နိုင်လျက်ရှိ

Last Updated:

ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်းတွင် ဂျပန်နိုင်ငံမှထုတ်လုပ်သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor)ကို ရုရှားနိုင်ငံသို့ ဆက်လက်တင်ပို့လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံမှ ရုရှားနိုင်ငံသို့ Chips တိုက်ရိုက်တင်ပို့မှုကို ထိန်းချုပ်ပိတ်ပင်ထားသော်လည်း တရုတ်နိုင်ငံအပါအဝင် အခြားသောတတိယနိုင်ငံများမှတစ်ဆင့် ရုရှားနိုင်ငံသို့ ဆက်လက်တင်ပို့လျက်ရှိသည့်အတွက် ထိုသို့သော သွယ်ဝိုက်၍တင်ပို့မှုများကိုပါ ထိန်းချုပ်ရန် လိုအပ်လျက်ရှိပြီး အရေးယူပိတ်ဆို့မှုကို ထိရောက်စွာ ဆောင်ရွက်သင့်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါသတင်းတွင် ၂၀၂၂ ခုနှစ် မတ်လ၌ ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနည်းတူ ပြည်တွင်းထုတ်တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor)ကို ရုရှားနိုင်ငံသို့ တင်ပို့မှုအား ပိတ်ပင်တားမြစ်ခဲ့ကြောင်း၊ ထိုသို့ပိတ်ပင်မှုကို အဆင့်လိုက်ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor)မှာ ကနဦးပိတ်ပင်ခဲ့သည့်ကုန်စည်များထဲတွင် ပါဝင်ခဲ့ကြောင်း စီးပွားရေး၊ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

Nikkei အနေဖြင့် အိန္ဒိယသုတေသနကုမ္ပဏီဖြစ်သည့် Export Genius မှတစ်ဆင့် ရုရှားနိုင်ငံ၏ အကောက်ခွန်ဆိုင်ရာအချက်အလက်များကိုရရှိခဲ့ပြီး လေ့လာကြည့်ရာ၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့အတွင်း အမေရိကန်ဒေါ်လာ ၅၀,၀၀၀ တန်ဖိုးရှိကုန်စည်များ အရောင်းအဝယ်ပြုလုပ်ခဲ့သည်ကို တွေ့ရှိရပြီး ရုရှားနိုင်ငံသို့ ဂျပန်ကုမ္ပဏီများပါဝင်သည့်  တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor)တင်ပို့မှုမှာ ၈၉ ကြိမ်ရှိခဲ့ကာ အမေရိကန်ဒေါ်လာ ၁၁ သန်းတန်ဖိုးရှိ တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor) ၂ သန်းတင်ပို့ခဲ့ကြောင်း ဖော်ပြထားပါသည်။ ထိုသို့တင်ပို့မှုတွင် ဟောင်ကောင်အပါအဝင်တရုတ်မှတင်ပို့မှုမှာ ၇၀ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ တောင်ကိုရီးယားနှင့် တူရကီနိုင်ငံတို့မှတစ်ဆင့်လည်း တင်ပို့လျက်ရှိကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံမှ ရုရှားနိုင်ငံသို့ တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor)တင်ပို့မှု ပိတ်ပင်ထားရာတွင် ရုရှားနိုင်ငံသို့ တိုက်ရိုက်တင်ပို့ခြင်းအပြင် အခြားသောနိုင်ငံများရှိ အမေရိကန်ကုမ္ပဏီများ၏ မိတ်ဖက်ကုမ္ပဏီများမှတစ်ဆင့် တင်ပို့ခြင်းကိုပါ ပိတ်ပင်ထားခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်၏စည်းမျဉ်းများအရ တတိယနိုင်ငံများမှတင်ပို့မှုကိုပါ ပိတ်ပင်ထားသော်လည်း ဂျပန်နိုင်ငံ၏ Foreign Exchange Law အရ ရုရှားနိုင်ငံသို့ တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor) တိုက်ရိုက်တင်ပို့မှုသာ အကျုံးဝင်လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံ၏ ကုန်သွယ်မှုအချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် ရုရှားနိုင်ငံသို့ တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor) တင်ပို့မှုမှာ ၁၅၀,၀၀၀ ခုရှိခဲ့ပြီး ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၈၅ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း၊ သို့သော် ဂျပန်နိုင်ငံအနေဖြင့် အခြားသောနိုင်ငံများမှတစ်ဆင့် ရုရှားနိုင်ငံသို့ တင်ပို့မှုကို ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း ဖော်ပြထားပါသည်။

ဟောင်ကောင်အခြေစိုက်ကုမ္ပဏီအနေဖြင့် ဂျပန်နိုင်ငံ Kioxia Holdings မှထုတ်လုပ်သည့် အမေရိကန်ဒေါ်လာ ၁၇၀,၀၀၀ တန်ဖိုးရှိ တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor) ၄,၀၀၀ ကို ရုရှားနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက တင်ပို့ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် မတ်လတွင် တရုတ်ကုမ္ပဏီ King-Pai Technology အနေဖြင့် အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ တန်ဖိုးရှိ  ဂျပန်နိုင်ငံမှထုတ်လုပ်သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductor) များကို ရုရှားနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း၊ အဆိုပါ  King-Pai ကုမ္ပဏီကို အမေရိကန်နိုင်ငံ၊ စီးပွားရေးဝန်ကြီးဌာနမှ အရေးယူမှုများဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

G-7 ထိပ်သီးအစည်းအဝေး၌ ရုရှားနိုင်ငံသို့ ပို့ကုန်တင်ပို့မှုကန့်သတ်ထားခြင်းကို ရှောင်ရှားနိုင်မှု မရှိစေရေး G-7ခေါင်းဆောင်များအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel က ရုရှားနိုင်ငံသို့ ပို့ကုန်တင်ပို့နိုင်သည့် လမ်းကြောင်းမှန်သမျှကို အလေးထားပိတ်ပင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည့်အတွက် ရုရှားနိုင်ငံသို့ လမ်းကြောင်းမျိုးစုံမှ တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor)ဖြန့်ဖြူးတင်ပို့လျက်ရှိခြင်းကို ပိတ်ပင်ထိန်းချုပ်နိုင်ရေးကိစ္စကို ဂျပန်နိုင်ငံမှလည်း အလေးထားဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: The Nikkei Asia (19-6-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan