Singapore

စင်ကာပူနိုင်ငံနှင့် ကာတာနိုင်ငံအကြား မဟာဗျူဟာကျသည့် ရှေ့အလားအလာများကို ဖလှယ်ခဲ့ကြောင်း စင်ကာပူနိုင်ငံသမ္မတ မဒမ် Halimah Yacob က ပြောကြား

Last Updated:

စင်ကာပူနိုင်ငံနှင့် ကာတာနိုင်ငံတို့သည် တူညီပြီး မဟာဗျူဟာကျသည့် ရှေ့အလားအလာများရှိကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် နိုင်ငံငယ်များဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများသည် မြေဧရိယာကြီးမားပြီး လူဦးရေပိုမိုများပြားသည့် နိုင်ငံများဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏အရွယ်အစားမှာ မည်သို့ပင်ဖြစ်စေကာမူ မိမိတို့အနေဖြင့် လိုက်လျောညီမှုရှိစွာ နေထိုင်ရမည်ဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းတွင် တက်ကြွပြီး တာဝန်ယူမှုရှိသော၊ အပြုသဘောဆောင်သောအဖွဲ့ဝင်နိုင်ငံများဖြစ်စေရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ပြုလုပ်ခဲ့သည့် ညစာစားပွဲတွင် ပြောကြားခဲ့ပါသည်။

သမ္မတ Halimah Yacob က စင်ကာပူနိုင်ငံနှင့် ကာတာနိုင်ငံတို့သည် လွတ်လပ်သည့် ကုန်သွယ်မှု၊ အားလုံးပါဝင်နိုင်ပြီး စည်းမျဉ်းအခြေပြုနိုင်ငံစုံကုန်သွယ်ရေးစနစ်တို့အတွက် ဆက်လက်၍ခိုင်ခိုင်မာမာထောက်ခံသွားမည်ဖြစ်ကြောင်း သူမ၏အရှေ့အလယ်ပိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်တွင် ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံသည် ကာတာနိုင်ငံနှင့် ၁၉၈၄ ခုနှစ်၊ နိုဝင်ဘာလတွင် သံတမန်ဆက်ဆံရေးကို ထူထောင်ခဲ့ပါသည်။ ကာတာနိုင်ငံသည် အရှေ့အလယ်ပိုင်းတွင် စင်ကာပူနိုင်ငံ၏ တတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၈.၂ ဘီလီယံ ရှိခဲ့ပါသည်။ ကာတာနိုင်ငံရှိ စင်ကာပူကုမ္ပဏီများတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့အခြေခံအဆောက်အအုံကုမ္ပဏီ Rotary Engineering၊ Certis Cisco၊ Keppel နှင့် Daya တို့ပါဝင်ပါသည်။

စင်ကာပူကုမ္ပဏီများနှင့် ကာတာကုမ္ပဏီများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် စွမ်းအင်၊ စားနပ်ရိက္ခာဖူလုံရေး၊ ဆိုက်ဘာလုံခြုံရေးနှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှု စသည့်နယ်ပယ်များတွင် နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ပါသည်။

စင်ကာပူနိုင်ငံသည် နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ပိုမိုအလေးပေးဆောင်ရွက်လျက်ရှိပြီး နည်းပညာအခြေပြု၍ ပြည်သူကိုဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ စင်ကာပူနိုင်ငံနှင့်ကာတာနိုင်ငံအကြားတွင် နည်းပညာပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအလေးပေးဆောင်ရွက်သွားဖွယ်ရှိကြောင်း သုံးသပ်ရပါသည်။

ရင်းမြစ်။        The Straits Times

သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: Singapore