၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က International Institute for management Development (IMD) World Competitiveness Ranking ကထုတ်ပြန်ခဲ့သည့် အဆင့်သတ်မှတ်ချက်အရ ကမ္ဘာ့ယှဉ်ပြိုင်နိုင်စွမ်းအရှိဆုံးနိုင်ငံများအနက် စင်ကာပူနိုင်ငံက အဆင့် ၄ ရရှိခဲ့ပါသည်။ စင်ကာပူနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင်ရရှိခဲ့သည့်အဆင့်ထက် တစ်ဆင့်လျော့ကျခဲ့ကာ အဆင့် ၄ ရရှိခဲ့ခြင်းဖြစ်ပါသည်။ အဆင့်သတ်မှတ်ချက်တွင် ပါဝင်ခဲ့သည့် နိုင်ငံပေါင်း ၆၄ နိုင်ငံတွင် စင်ကာပူနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့်အလုပ်အကိုင်တို့တွင် အဆင့် ၂၊ နည်းပညာအခြေခံအဆောက်အအုံတွင် အဆင့် ၃ အသီးသီး ရရှိခဲ့ပြီး ဈေးနှုန်းတွင် အဆင့် ၅၁ ရရှိခဲ့ကာ ယှဉ်ပြိုင်နိုင်စွမ်းအနည်းဆုံးအဆင့်သတ်မှတ်ချက်ဖြစ်ပါသည်။ ထို့ပြင် စီမံခန့်ခွဲမှုအဆင့်၌ ၂၃ ရရှိခဲ့ပြီး ကျန်းမာရေးနှင့်ပတ်ဝန်းကျင်တွင် အဆင့် ၂၆ ရရှိခဲ့ပါသည်။
ဒိန်းမတ်နိုင်ငံက ၎င်း၏အလုံးစုံခြုံငုံအဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးအဆင့်ကို ထိန်းထားနိုင်ခဲ့ပါသည်။ အိုင်ယာလန်နိုင်ငံက အဆင့် ၇ မှ အဆင့် ၂ သို့ တက်လာခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံက အဆင့် ၁ မှ ၃ သို့ ကျဆင်းခဲ့ပါသည်။ ထိုသို့ကမ္ဘာ့ယှဉ်ပြိုင်နိုင်စွမ်းအရှိဆုံးနိုင်ငံများစာရင်းကို ဆွစ်ဇာလန်နိုင်ငံနှင့် စင်ကာပူနိုင်ငံတွင် အခြေစိုက်သည့်အဖွဲ့အစည်းဖြစ်သည့် IMD ၏ World Competitiveness Center က နှစ်စဉ်ထုတ်ပြန်ခြင်းဖြစ်ပါသည်။
အစီရင်ခံစာတွင် အချက်အလက်များအရ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကျဆင်းနေမှု၊တင်းကြပ်သည့်ငွေကြေးဆိုင်ရာအခြေအနေများ၊ ကာကွယ်မှုစနစ်ပေါ်ထွက်လာမှု စသည့်အခြေအနေများအကြားတွင် စင်ကာပူနိုင်ငံသည် စိန်ခေါ်မှုများနှင့်ကြုံတွေ့နေရကြောင်း IMD က ဖော်ပြထားပါသည်။ နိုင်ငံအနေဖြင့် စီးပွားရေးလုပ်ငန်းများကိုအကူအညီပေးခြင်း၊ အိမ်ထောင်စုများကို ကုန်ကျစရိတ်နှင့်ငွေကြေးဖောင်းပွမှုဖိအားများမှ လျှော့ချပေးခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် အလုပ်သမားများအတွက် လုံခြုံပြီး သေချာမှုရှိသည့်ဝန်းကျင်ကို ဖန်တီးပေးခြင်းတို့မှာ နိုင်ငံ၏အခြားသောအဓိကစိန်ခေါ်မှုများဖြစ်ပြီး ထိုစိန်ခေါ်မှုများသည် စင်ကာပူနိုင်ငံအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး အခွင့်အလမ်းအသစ်များကို ဆုပ်ကိုင်နိုင်စေရေး စွမ်းဆောင်နိုင်မှုကို ဆက်လက်တွန်းအားပေးလျက်ရှိပါသည်။ အစီရင်ခံစာအရ ပိုမိုသေးငယ်သည့် အအောင်မြင်ဆုံးနိုင်ငံမှာ ပညာရေးစနစ်၊ ဈေးကွက်ရရှိနိုင်မှုကောင်းမွန်ခြင်း၊ ကုန်သွယ်မှုမိတ်ဖက်များရရှိခြင်း စသည့်ကောင်းမွန်သည့်အဖွဲ့အစည်းဆိုင်ရာ မူဘောင်ရှိပါသည်။
IMD က နိုင်ငံများအနေဖြင့် ယနေ့ဖြစ်ပေါ်နေသည့် မခန့်မှန်းနိုင်သည့်ဝန်းကျင်ကို လမ်းပြဦးဆောင်နိုင်ရန်အတွက် သွက်လက်၍အလိုက်သင့်ပြောင်းလဲနိုင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ဥပမာ အိုင်ယာလန်နိုင်ငံ၊ အိုက်စ်စလန်နိုင်ငံ၊ ဘာရိန်းနိုင်ငံတို့မှာ ကြံ့ကြံ့ခံနိုင်သည့်စီးပွားရေးဝန်းကျင်ကို တည်ဆောက်ထားနိုင်ပြီး ယူအေအီးနိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ကာတာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှာ လက်ရှိအခြေအနေများအပေါ်အခြေခံ၍ ၎င်းတို့၏မူဝါဒများကို လျင်လျင်မြန်မြန်သတ်မှတ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။
အိုင်ယာလန်နိုင်ငံသည် စင်ကာပူနိုင်ငံကိုကျော်၍ အဆင့်တက်လာခဲ့ခြင်းမှာ စီးပွားရေးဆောင်ရွက်ချက်များတွင် ကြီးမားသည့်အောင်မြင်မှုများရရှိခဲ့ခြင်းကြောင့်ဖြစ်ပြီး အဆင့် ၇ နေရာမှ အဆင့် ၂ သို့ တက်လာခဲ့ပါသည်။ ဆွစ်ဇာလန်နိုင်ငံသည် ယှဉ်ပြိုင်နိုင်စွမ်းကို အကဲဖြတ်သည့်အချက်များအားလုံးတွင် ၎င်း၏အားကောင်းသည့် ဆောင်ရွက်ချက်များကြောင့် အဆင့် ၃ နေရာကို ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရ၏ စွမ်းဆောင်ရည်နှင့် အခြေခံအဆောက်အအုံတို့တွင် အဆင့် ၁ ရရှိခဲ့ပြီး စီးပွားရေးဆောင်ရွက်ချက်တွင် အဆင့် ၃၀ မှ ၁၈ သို့တက်လာကြောင်း IMD က ထပ်မံဖြည့်စွက်ပြောကြားခဲ့ပါသည်။ ငွေကြေးဖောင်းပွမှု၊ ပထဝီနိုင်ငံရေးဆိုင်ရာအန္တရာယ်၊ နိုင်ငံရေးအရကွဲပြားမှုများ စသည့်အချက်များရှိသော်လည်း ကမ္ဘာ့ယှဉ်ပြိုင်နိုင်မှုအခြေအနေမှာ အထူးသဖြင့် ဥရောပတွင် အားကောင်းနေဆဲဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံတို့မှာ ၎င်းတို့၏ ယှဉ်ပြိုင်နိုင်စွမ်းတွင် တိုးတက်မှုများကို တွေ့မြင်ရကြောင်း၊ ဆွီဒင်နိုင်ငံနှင့် ဖင်လန်နိုင်ငံတို့၏ အဆင့်သတ်မှတ်ချက်များမှာ ကျဆင်းနေသည်ကို တွေ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
အဆင့်သတ်မှတ်ချက်၏တစ်စိတ်တစ်ပိုင်းအဖြစ် ဆောင်ရွက်ခဲ့သည့် စစ်တမ်းတစ်ခုအရ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှု စသည့်အန္တရာယ်များကြောင့် စီးပွားရေးလုပ်ငန်းများ၏ မိမိလုပ်ငန်းအပေါ် ယုံကြည်မှုအဆင့်များမှာ ဝေဝါးနေကြောင်း၊ ပထဝီနိုင်ငံရေးပဋိပက္ခများသည် ပတ်ဝန်းကျင်ဆိုင်ရာအရေးကိစ္စများနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များအတွက် ပိုမိုစိုးရိမ်ဖွယ်ဖြစ်ကြောင်း တွေ့ရှိခဲ့ပါသည်။ ၂၀၂၃ ခုနှစ် အဆင့်သတ်မှတ်ချက်တွင် နိုင်ငံပေါင်း ၆၄ နိုင်ငံကို ယှဉ်ပြိုင်နိုင်စွမ်းဆိုင်ရာ စံသတ်မှတ်ချက် ၁၆၄ ခုအပေါ်အခြေခံ၍ ဆန်းစစ်အကဲဖြတ်ခဲ့ခြင်းဖြစ်ပါသည်။
ကပ်ရောဂါများ၊ ပြင်ပမှနိုင်ငံ၏စီးပွားရေးအပေါ် သက်ရောက်မှုများကို ကြံ့ကြံ့ခံနိုင်သည့်စီးပွားရေးဝန်းကျင်ကို တည်ဆောက်ခြင်း၊ ဖြစ်ပေါ်လာသည့်အခြေအနေများအပေါ် မိမိနိုင်ငံ၏အခြေအနေ၊ ဒေသတွင်းနှင့်အပြည်ပြည်ဆိုင်ရာစီးပွားရေးအသိုက်အဝန်းတို့တွင် ပါဝင်ဆောင်ရွက်နိုင်မည့်အခြေအနေတို့ကိုအခြေခံ၍ မိမိနိုင်ငံနှင့်လိုက်လျောညီထွေသည့် စီးပွားရေးဆိုင်ရာမူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများချမှတ်၍ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပါက နိုင်ငံတစ်နိုင်ငံအနေဖြင့် စီးပွားရေးတွင် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားပြီး အခြားနိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း သုံးသပ်ရပါသည်။
ရင်းမြစ်။ The Straits Times
သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့