Japan

လစာတိုးမြှင့်ရေးနှင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်ခီရှိဒမှ ကတိပြုပြောကြား

Last Updated:

ဂျပန်ဝန်ကြီးချုပ်ခီရှိဒအနေဖြင့် ကုန်ဈေးနှုန်းမြင့်တက်နေမှုကို ရင်ဆိုင်နိုင်ရေးအတွက် လစာတိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် လုပ်သားများ၏ ကျွမ်းကျင်မှုမြှင့်တင်နိုင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင်ပြုလုပ်ခဲ့သော လွှတ်တော်နောက်ဆုံးရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ကတိပြုပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

အဆိုပါသတင်းတွင် ဂျပန်အစိုးရအနေဖြင့် ငွေကြေးဖောင်းပွမှုကျဆင်းကာ ပြည်သူများ၏ ဝယ်ယူသုံးစွဲနိုင်စွမ်းမြင့်မားစေရေးဆောင်ရွက်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့စီးပွားရေးကောင်းမွန်စေရေးအတွက် လုပ်ခလစာများတိုးမြှင့်ပေးနိုင်ရေးသည် အဓိကကျသည့်အချက်တစ်ရပ်ဖြစ်ကြောင်း ဝန်ကြီးချုပ်ခီရှိဒက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ဝန်ကြီးချုပ်အနေဖြင့် လွှတ်တော်နောက်ဆုံးရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အစိုးရ၏ဦးစားပေးမူဝါဒများကို ချပြခဲ့ကြောင်း၊ အစိုးရအနေဖြင့် ကျွမ်းကျင်မှုမြှင့်တင်နိုင်ရေး(reskilling)၊ ရာထူးအလိုက်လစာနှုန်းများပြန်လည်သတ်မှတ်နိုင်ရေး(reworking wage structure)နှင့် ဖွံ့တိုးတက်မှုရရှိစေနိုင်မည့်ကဏ္ဍများတွင် အလုပ်အကိုင်များတိုးမြှင့်ဖော်ဆောင်ပေးနိုင်ရေး(promoting career transitions into growth fields) စသည့်အချက် ၃ ချက်ပါဝင်သည့် “Three-in-one reform strategy” ကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။

အစိုးရအဖွဲ့နှင့် အကြီးတန်းရာထူးများပြောင်းလဲခန့်ထားရေးနှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ်အား မေးမြန်းခဲ့ရာ၌ ၎င်းအနေဖြင့် “ရွှေ့ဆိုင်း၍မရဘဲ ချက်ချင်းဆောင်ရွက်ရမည့်ကိစ္စရပ်တိုင်းအတွက် အဖြေရှာဆောင်ရွက်ရန်” ဆိုသည့် အစိုးရအဖွဲ့၏မူဝါဒနှင့်အညီ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

တစ်နိုင်ငံလုံး၏ အနည်းဆုံးပျမ်းမျှလုပ်ခလစာနှုန်းထားကို တစ်နာရီလျှင် ယန်း ၁,၀၀၀(အမေရိကန် ဒေါ်လာ ၇.၀၆)ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ပြီးနောက် နောက်တစ်ဆင့်အနေဖြင့် လစာနှုန်းတိုးမြှင့်နိုင်ရေး ဆွေးနွေးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ပြည်တွင်းရင်းနှီးမြှုပ်နှံမှု၊ အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ကလေးမွေးဖွားနှုန်းကျဆင်းနေသည့်ကိစ္စရပ်များသည် အစိုးရအနေဖြင့် အဓိကဖြေရှင်းဆောင်ရွက်သွားရမည့်ကိစ္စရပ်များဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ တစ်ပိုင်းလျှပ်ကူးပစ္စည်း(semiconductors)၊ ဇီဝနည်းပညာ(biotechnology)နှင့် ဉာဏ်ရည်တု(artificial intelligence) စသည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးအတွက် ဘဏ္ဍာရေး၊ အခွန်နှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အစိုးရအနေဖြင့် ယခုနှစ်အတွင်း ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာတွင် ဒီဂျစ်တယ်နည်းပညာအသုံးပြုမှုမြှင့်တင်နိုင်ရေးကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစိုးရဝန်ထမ်းများ ပိုမိုတိုးမြှင့်ခန့်ထားခြင်းမပြုဘဲ အစိုးရ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်နယ်အစိုးရများ၊ ဒေသခံများ၊ စီးပွားရေးလုပ်ငန်းများနှင့် တိုက်ရိုက်ထိတွေ့လျက်ရှိသည့် အကျိုးအမြတ်မယူသော ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပိုမိုထိရောက်ကောင်းမွန်သည့် အသေးစိတ်ဝန်ဆောင်မှုများပေးနိုင်ရေး ဒီဂျစ်တယ်အခြေခံအဆောက်အဦကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကလေးမွေးဖွားနှုန်းမြှင့်တင်နိုင်ရေးအတွက် မကြာသေးမီကထုတ်ပြန်ခဲ့သည့် ကလေးသူငယ်စောင့်ရှောက်ရေးမူဝါဒကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါမူဝါဒတွင် ကလေးသူငယ်များအား ပိုမိုတိုးမြှင့်၍ ထောက်ပံ့ပေးမည့် အစီအစဉ်များ၊ ကလေးသူငယ်စောင့်ရှောက်ရန်အတွက် မိဘများအနေဖြင့် လုပ်ငန်းခွင်မှခွင့်ယူရသည့်အခါမျိုးတွင် ပံ့ပိုးပေးနိုင်ရေး စသည့်အစီအစဉ်များပါဝင်ကြောင်း ဖော်ပြထားပါသည်။ ၂၀၃၀ ပြည့်နှစ်အထိ လက်ရှိဆယ်စုနှစ်ကာလသည် ဂျပန်နိုင်ငံ၏ ကလေးမွေးဖွားနှုန်းကျဆင်းလာမှုအခြေအနေကို ပြန်လည်ကောင်းမွန်အောင်ဆောင်ရွက်နိုင်ရေးအတွက် နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း ဝန်ကြီးချုပ်ခီရှိဒက သတိပေးပြောကြားထားကြောင်းလည်း ဖော်ပြထားပါသည်။

အစိုးရ၏ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရန်အတွက် ဘဏ္ဍာငွေရရှိနိုင်ရေးဆောင်ရွက်သွားမည့် လုပ်ငန်းများကို မေးမြန်းရာ၌ ဝန်ကြီးချုပ်က ဂျပန်နိုင်ငံ၏ စီးပွားရေးပြန်လည်ကောင်းမွန်လာစေရေးအပေါ် အကျိုးသက်ရောက်နိုင်မှုအခြေအနေကဲ့သို့သော အချက်များကိုအခြေခံ၍ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း နှင့်ဝန်ကြီးချုပ်အနေဖြင့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP)တွင် ၎င်း၏သက်တမ်းကာလမကုန်ဆုံးမီ ၂၀၂၄ ခုနှစ် စက်တင်ဘာလမတိုင်မီ ဂျပန်နိုင်ငံ၏ Pacifist Constitution ကိုပြင်ဆင်သွားရန် ဆန္ဒရှိကြောင်းလည်း ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

Source: The Nikkei Asia (22-6-2023)

သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့

Category: Japan