India (Delhi)

အိန္ဒိယနိုင်ငံ၏ ရေနံထွက်ကုန်ပ္စည်းတင်ပို့မှုကို လက်တွေ့ကျကျစိစစ်ကြည့်ခြင်း

Last Updated:

ရုရှားနိုင်ငံ၏ ဈေးနှုန်းလျှော့ချပြီးရောင်းချပေးသော ရေနံစိမ်းများကိုဝယ်ယူ၍ သန့်စင်ပြီးဓါတ်ဆီ၊ ဒီဇယ်ဆီနှင့် လေယာဉ်ဆီများထုတ်လုပ်ကာ ဥရောပနိုင်ငံမှများသို့ ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချသည့်အတွက် အိန္ဒိယနိုင်ငံသည် တရုတ်၊ တူရကီနိုင်ငံများနှင့်အတူ အမေရိကန်ဦးဆောင်သည့် G7 အဖွဲ့၏ အရေးယူမှုများခံလာရနိုင်သည့် အခြေအနေရှိကြောင်း Business Standard သတင်းစာက ဖော်ပြထားပါသည်။

Reliance အုပ်စုမှ ထိန်းချုပ်ထားသည့် အထက်ပါသန့်စင်ပြီးရေနံထုတ်ကုန်များအား ပြန်လည်တင်ပို့ရောင်းချသည့်လုပ်ငန်းသည် အကျိုးအမြတ်များစွာရရှိသည့်လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန၏ အချက်အလက်ဖော်ပြချက်များအရ ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယနိုင်ငံသည် ရေနံထွက်ကုန်ပစ္စည်းရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံအထိရရှိခဲ့ပြီး စုစုပေါင်းကုန်စည်တင်ပို့မှု၏ ၁၃ ရာခိုင်နှုန်းအထိရှိသည်ဟုသိရှိရပါကြောင်း၊ အစိုးရအနေဖြင့်လည်း စက်သုံးဆီတင်ပို့မှုမှတစ်ဆင့် အခွန်ငွေမြောက်များစွာရရှိခဲ့ပါကြောင်း အဆိုပါသတင်းစာက ဖော်ပြထားပါသည်။

ဥရောပနိုင်ငံများအနေဖြင့် ရုရှားနိုင်ငံမှ ရေနံတင်သွင်းမှုအပေါ် ဖေဖော်ဝါရီလမှ စတင်ကန့်သတ်ခဲ့ပြီးနောက် စက်သုံးဆီတင်ပို့သည့်နိုင်ငံများကို တရုတ်၊ အိန္ဒိယနှင့်တူရကီနိုင်ငံတို့ထံမှ ပြောင်းလဲတင်သွင်းမှုများဆောင်ရွက်ခဲ့ပါကြောင်း၊ ဥရောပနိုင်ငံများမှ သန့်စင်ပြီးရေနံထွက်ကုန်များကို ဖေဖော်ဝါရီလမှ မေလလယ်ကာလအတွင်း တင်သွင်းမှုမှာ အိန္ဒိယနိုင်ငံတင်ပို့မှု၏ ၂၀ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ပြီးခဲ့နှစ် အစောပိုင်းကာလတင်သွင်းမှုထက် ၁၁ ရာခိုင်နှုန်းမြင့်မားလာပါကြောင်း၊ ဥရောပနိုင်ငံများ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးတန်းအရာရှိကြီးတစ်ဦးဖြစ်သူ Josep Borrell က အဖွဲ့ဝင်နိုင်ငံပေါင်း ၂၇ နိုင်ငံက အသေးစိတ်ဆွေးနွေးခဲ့ကြပြီးနောက် ရုရှားနိုင်ငံပေါ် ၁၁ ကြိမ်မြောက် ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ရေနံဈေးနှုန်းများကို ကန့်သတ်လိုက်ခြင်းကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ ရေနံစိမ်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ခြင်းသည်ပုံမှန်ကိစ္စရပ်တစ်ခုဖြစ်ပြီး ရုရှားနိုင်ငံ၏ ဝင်ငွေလျော့နည်းသွားသဖြင့် ကောင်းမွန်သည့်စနစ်ဖြစ်ပါကြောင်း၊ သို့ရာတွင် ရုရှားရေနံစိမ်းများကို သန့်စင်ထုတ်လုပ်သည့် အိန္ဒိယနိုင်ငံမှ ဓါတ်ဆီ၊ ဒီဇယ်ဆီများ ဥရောပသို့တင်သွင်းခြင်းသည် ပိတ်ဆို့အရေးယူမှုမှ လွတ်နေသကဲ့သို့ဖြစ်နေသဖြင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စီမံဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ရေနံများရောင်းချနေခြင်းသည် ဝယ်ယူသူရှိ၍ဖြစ်ပါကြောင်းနှင့် ၎င်းတို့အနေဖြင့် ဝယ်ယူသူများအား စောင့်ကြည့်ရမည်ဟု ပြောကြားထားပါကြောင်း ဖော်ပြထားပါသည်။

သို့ရာတွင် ယခုတစ်ပတ်အတွင်း ဘရပ်ဆဲလ်မြို့၌ Borell နှင့်တွေ့ဆုံပြီးနောက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Jaishankar က အီးယူကောင်စီ၏ လုပ်ထုံးလုပ်နည်းများအရ သန့်စင်ပြီးရေနံထွက်ကုန်များပြန်လည်ရောင်းချမှုအပေါ်တွင် အရေးယူပိတ်ဆို့မှုများရှိမည်မဟုတ်ကြောင်း၊ ရုရှားနိုင်ငံ၏ ရေနံစိမ်းများကို တတိယနိုင်ငံတွင် အဆင့်များစွာပြောင်းလဲထားပြီးဖြစ်သဖြင့် ရုရှားနိုင်ငံကဲ့သို့ ဆက်ဆံပြုမူရန်လိုအပ်ခြင်းမရှိဟု  ပြန်လည်ရှင်းလင်းပြောကြားထားပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ အဆင့်မြင့်အရာရှိကြီးများကလည်း အိန္ဒိယနိုင်ငံအနေဖြင့် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများကို ထုံးစံအရ လိုက်နာ‌ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမေရိကန်မှ အရေးယူပိတ်ဆို့မှုများဆောင်ရွက်ထားသည့် အီရန်နှင့်ဗင်နီဇွဲလားနိုင်ငံတို့နှင့်ရေနံကုန်သွယ်မှုကို တရုတ်နိုင်ငံက ဆက်လက်ဆောင်ရွက်လျက်ရှိသော်လည်း  အိန္ဒိယနိုင်ငံက ဆောင်ရွက်ခြင်းမရှိပါကြောင်းလည်း  Business Standard သတင်းစာတွင် ဖော်ပြထားပါသည်။

Kpler ၏အချက်အလက်များအရ ယခုနှစ်အစောပိုင်း ဖေဖော်ဝါရီလမှ မေလလယ်အထိ အိန္ဒိယနိုင်ငံမှ ဥရောပနိုင်ငံများသို့ သန့်စင်ပြီးရေနံထွက်ကုန်များတင်ပို့မှုမှာ ရေနံစည်သန်းပေါင်း ၂၅ သန်းအထိ ရှိပြီး နှစ်ဆတိုးမြှင့်တင်ပို့နိုင်ခြင်းဖြစ်ပါကြောင်း၊ သန့်စင်ပြီးရေနံထွက်ကုန်တင်ပို့မှုတွင် ဒီဇယ်ပါဝင်မှုမှာ ၄၀ ရာခိုင်နှုန်းအထိရှိပြီး အများဆုံးဖြစ်ပါကြောင်း၊  ဓါတ်ဆီနှင့် လေယာဉ်ဆီပါဝင်မှုမှာ ဒုတိယနှင့် တတိယနေရာတွင် အသီးသီးရှိပါကြောင်း၊ လန်ဒန်အခြေစိုက်အချက်အလက်များ လေ့လာစိစစ်သည့်အဖွဲ့ဖြစ်သည့် Vortexa ၏အချက်အလက်များအရ အိန္ဒိယနိုင်ငံမှ သန့်စင်ပြီးစက်သုံးဆီများ ဥရောပသို့ သင်္ဘောဖြင့် တင်ပို့မှုမှာ ဖေဖော်ဝါရီလတွင် တစ်နေ့လျှင် ရေနံစည်ပေါင်း ၁ သိန်း ၃ သောင်းကျော်သာတင်ပို့ခဲ့ရာမှ မတ်လတွင် ၂ ဆ တိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး တစ်နေ့လျှင် ရေနံစည် ၃ သိန်းနီးပါးတင်ပို့နိုင်ခဲ့ပါကြောင်းနှင့် ဧပြီလတွင်မူ တစ်နေ့လျှင် ရေနံစည် တစ်နေ့လျှင် ၂ သိန်း ၆ သောင်းကျော်သာတင်ပို့နိုင်ခဲ့သဖြင့် အနည်းငယ်ပြန်လည်ကျဆင်းခဲ့ကြောင်း  ဖော်ပြထားပါသည်။

ရုရှားနိုင်ငံ၏ ရေနံစိမ်းအပေါ် ဈေးနှုန်းကန့်သတ်ချက်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ချမှတ်ခဲ့ပြီး ကျူးကျော်စစ်စတင်မှု ၁ နှစ်ပြည့်မြောက်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းတွင် အိန္ဒိယနိုင်ငံမှ ‌ဈေးနှုန်းကန့်သတ်သည့် ဥရောပနိုင်ငံများသို့ ရေနံထွက်ထွက်ကုန်ပစ္စည်းများ တန်ချိန် ၃.၈ သန်းခန့်တင်ပို့ခဲ့ပြီး အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်လာပါကြောင်း၊ အိန္ဒိယနိုင်ငံ၏နောက်တွင် တရုတ်နိုင်ငံ (တန်ချိန် ၃ သန်း)နှင့် UAE နိုင်ငံ တန်ချိန် ၂.၈သန်းဖြင့် အသီးသီးရပ်တည်လျက်ရှိသည်ဟု ဖင်လန်နိုင်ငံအခြေစိုက် စွမ်းအင်နှင့်လေသန့်စင်မှုလေ့လာရေးစင်တာ၏ ပြီးခဲ့သည့်လက ထုတ်ပြန်မှုတွင် ဖော်ပြထားပါကြောင်း၊ ဥရောပနိုင်ငံများအနေဖြင့် အိန္ဒိယနိုင်ငံမှတစ်ဆင့် ရုရှားရေနံထွက်ကုန်ပစ္စည်းများ အဖွဲ့ဝင်နိုင်ငံများသို့ ဝင်ရောက်နေခြင်းကို ရှောင်လွှဲနိုင်ခြင်းမရှိသေးသဖြင့်  ယခုအချိန်ထိပိတ်ဆို့အရေးယူမှုများဆောင်ရွက်ရန် လက်ရှောင်နေပါကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် ရေနံစိမ်းကို ရုရှားနိုင်ငံအပြင် အာရှအနောက်ပိုင်းနိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့မှလည်းတင်သွင်းပါကြောင်း၊ သို့ရာတွင် အီးယူမှ အာရုံစိုက်နေသည့်ကိစ္စရပ်မှာ အိန္ဒိယနိုင်ငံ၏ ရုရှားနိုင်ငံမှရေနံစိမ်းတင်သွင်းမှုမှာ ယခင်နှစ်ထက် နှစ်ဆပိုမိုများပြားလာပြီး စုစုပေါင်းရေနံစိမ်းတင်သွင်းမှု၏ ၄၀ ရာခိုင်နှုန်းကျော်ရှိနေခြင်းဖြစ်ပါကြောင်နှင့် ယူကရိန်းစစ်ပွဲမစတင်မီက ၁ သို့မဟုတ် ၂ ရာခိုင်နှုန်းခန့်သာ တင်သွင်းမှုရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ ရုရှားနိုင်ငံမှ ရေနံစိမ်းတင်သွင်းမှုမှာ ဧပြီလနှင့်မေလလယ်အတွင်း၌ တစ်နေ့လျှင် ပျမ်းမျှစည်ပေါင်း ၂ သန်းခန့်ရှိပါကြောင်းနှင့် ပြီးခဲ့သည့်နှစ်ထက် ၅ ဆ ပိုမိုတင်သွင်းဖြစ်သည်ဟု Kpler ၏ အချက်အလက်များအရ သိရှိရကြောင်းလည်း ဖော်ပြထားပါသည်။

ယခုတစ်ပတ်အတွင်း ဘရပ်ဆဲလ်မြို့၌ အီးယူယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံပြီး သတင်းထောက်များနှင့်တွေ့ဆုံပွဲတွင် အီးယူနှင့်အိန္ဒိယသည် မိတ်ဆွေနိုင်ငံများဖြစ်သောကြောင့် အ‌ရေးယူပိတ်ဆို့မှုများကို ဆောင်ရွက်သွားခြင်း၊ စွပ်စွဲပြောဆိုခြင်းများပြုလုပ်မည်မဟုတ်ဘဲ အခွင့်အလမ်းများကမ်းလှမ်းထားဆဲဖြစ်ပါကြောင်း၊ အဆိုပါကမ်းလှမ်းချက်များကို မလိုက်နာပါက ကုန်သွယ်မှုဆိုင်ရာ တားမြစ်ချက်များကို ချမှတ်ကျင့်သုံးဆောင်ရွက်သွားမည်ဟု ပြောကြားထားကြောင်း   Business Standard သတင်းစာက ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံမှ ပြည်ပသို့တင်ပို့ရောင်းချသည့် စက်သုံးဆီသုံးပုံတစ်ပုံခန့်ကို ဂူဂျာရတ်ပြည်နယ်၊ Jamnager ရှိ Reliance အုပ်စု၏ရေနံချက်စက်ရုံမှ တင်ပို့ခြင်းဖြစ်ပါကြောင်း၊ Rosneft က ပိုင်ဆိုင်သည့် Nayara Energy သည် ၁၀ ရာခိုင်နှုန်းကျော်တင်ပို့ခြင်းဖြင့် ဒုတိယအများဆုံးတင်ပို့သည့်ကုမ္ပဏီဖြစ်ပါကြောင်း၊ နိုင်ငံတော်ပိုင်ရေနံချက်စက်ရုံများမှာ ပြည်တွင်းဈေးကွက်သို့ အဓိကဖြန့်ဖြူးရောင်းချရန် ပြောကြားထားကြောင်းလည်း ဖော်ပြထားပါသည်။

ဖေဖော်ဝါရီလနောက်ပိုင်း အိန္ဒိယနိုင်ငံ၏ရေနံထွက်ကုန်ပစ္စည်းကုန်သွယ်မှုအခြေအနေကို ကြည့်မည်ဆိုပါက ပြည်တွင်းစက်သုံးဆီသုံးစွဲမှုမြင့်တက်ခြင်းနှင့် ရေနံချက်စက်ရုံများ၏ စွမ်းဆောင်နိုင်မှုအခြေအနေများကြောင့် အိန္ဒိယနိုင်ငံ၏ ရေနံထွက်ကုန်တင်ပို့နိုင်မှုအလားအလာများတွင် ကန့်သတ်ချက်များဖြစ်နေပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယနိုင်ငံ၏ စက်သုံးဆီသုံးစွဲမှုမှာ တန်ချိန်သန်းပေါင်း ၂၂၂ သန်းရှိပြီး တင်ပို့မှုမှာ တန်ချိန် ၆၀ သန်းသာရှိပါကြောင်း၊ ရုရှား-ယူကရိန်းစစ်ပွဲမစတင်မီ ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း၌ အိန္ဒိယနိုင်ငံ၏ ပြည်တွင်းစက်သုံးဆီသုံးစွဲမှုမှာ တန်ချိန်သန်းပေါင်း ၂၀၂ သန်းသာရှိပါကြောင်း၊ အိန္ဒိယနိုင်ငံရှိ ‌ရေနံချက်စက်ရုံများ၏ တစ်နှစ်လျှင် ရေနံသန့်စင်ထုတ်လုပ်နိုင်မှုမှာ တန်ချိန် ၂၅၁ သန်းသာရှိကြောင်း Business Standard သတင်းစာ၏ ဖော်ပြထားချက်အရ သိရှိရပါသည်။

ရုရှားနိုင်ငံမှရေနံတင်သွင်းမှုကို ဖေဖော်ဝါရီလတွင် ကန့်သတ်လိုက်ပြီးနောက်ပိုင်း ဥရောပ၏ စက်သုံးဆီဈေးကွက်ဖွင့်လှစ်သည့်အချိန်တွင် အိန္ဒိယနိုင်ငံမှ ရေနံထွက်ပစ္စည်းထုတ်လုပ်သူများသည် ကိုရီးယား၊ သြစတြေးလျ၊ ဆော်ဒီအာရေးဗျနှင့် ယူအေအီး၊ စင်္ကာပူနိုင်ငံများသို့ ရေနံတင်ပို့မှုကို လျှော့ချခဲ့ပြီး နယ်သာလန်၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ ဂျာမနီနှင့် ဘယ်လ်ဂျီယံနိုင်ငံတို့သို့ ဓါတ်ဆီ၊ ဒီဇယ်နှင့် လေယာဉ်ဆီတင်ပို့မှုများကို ပိုမိုတိုးမြှင့်တင်ပို့ခဲ့ပါကြောင်း၊ ဖေဖော်ဝါရီလမှ မေလလယ်အတွင်း  ရေနံထွက်ပစ္စည်းတင်ပို့မှုမှာ ပြီးခဲ့သည့်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက တောင်ကိုရီးယားနှင့် ၆၅ ရာခိုင်နှုန်း၊  သြစတြေးလျနိုင်ငံနှင့်  ၅၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး နယ်သာလန်နိုင်ငံသို့တင်ပို့မှုမှာမူ ၅၁ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ဟု Kpler ၏အချက်အလက်များအရ သိရှိရပါကြောင်း၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးနိုင်ငံများသို့ တင်ပို့မှုမှာလည်း ၈၀ ရာခိုင်နှုန်းနှင့် ၂၅ ရာခိုင်နှုန်းအသီးသီးလျော့နည်းခဲ့ပါကြောင်း၊ သို့ရာတွင် စပိန်နိုင်ငံသို့ တင်ပို့မှုမှာ ၄ ဆ တိုးတက်ခဲ့ကြောင်း၊  ဘယ်လ်ဂျီယမ်နှင့် ရိုမေးနီးယားနိုင်ငံသို့ တင်ပို့နိုင်မှုမှာ ၁၀ ဆခန့်တိုးတက်ခဲ့ကြောင်းနှင့် ဂျာမဏီသည် ပြီးခဲ့သည့်နှစ်က သန့်စင်ပြီးရေနံထွက်ကုန်များကို အိန္ဒိယနိုင်ငံမှ တင်သွင်းမှုမရှိခဲ့သော်လည်း ယခုနှစ်တွင် တန်ချိန် ၁ သန်းခန့်တင်သွင်းထားကြောင်းဖော်ပြထားပါသည်။

ထို့ကြောင့် Borrell က အိန္ဒိယနိုင်ငံ၏‌ရေနံထွက်ကုန်ပစ္စည်းများအား ပိတ်ဆို့အရေးယူဆောင်ရွက်မည်ဆိုပါက ဥရောပမှ စက်သုံးဆီအသုံးပြုသူများ ပိုမိုဆုံးရှုံးမည်သကဲ့သို့  အိန္ဒိယ Reliance နှင့် Nayara ကုမ္ပဏီတို့သည် ရုရှားထံမှ ဈေးနှုန်းသက်သာစွာဖြင့်ရရှိသော ဒီဇယ်များကို ပုံမှန်ဈေးကွက်များဖြစ်သော အာရှအနောက်ပိုင်း သို့မဟုတ် အာဖရိကဈေးကွက်သို့ တင်ပို့နိုင်ရန်လည်းခက်ခဲလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဈေးသက်သာသောရုရှားရေနံစိမ်းများမှ ထုတ်လုပ်သည့် ရေနံထွက်ကုန်ပစ္စည်းများကိုမူ လက်ခံရန်ဆန္ဒရှိနေသေးသော်လည်း အိန္ဒိယအနေဖြင့် ဈေးနှုန်းသက်သာသည့်ရုရှားစက်သုံးဆီများကို အတားအဆီးဖြစ်စေမည့်ဈေးကွက်များရှာဖွေရန်လိုအပ်မည်ဟု ပြောကြားထားကြောင်း Business Standard သတင်းစာက ရေးသားဖော်ပြထားပါသည်။  

Source: A reality check for Indian oil product exports, Business Standard, 19 May 2023

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)