India (Delhi)

အိန္ဒိယကုန်သည်များက စားသုံးသူများအား ပဲစဉ်းငုံအစား တခြားပဲအမျိုးအစားများအား ပြောင်းလဲစားသုံးစေလို

Last Updated:

အိန္ဒိယကုန်သည်များက စားသုံးသူများအား ပဲစဉ်းငုံ၏ဈေးနှုန်းကြီးမြင့်မှုကြောင့် အခြားသောပဲအမျိုးအစားများဖြစ်သည့် ပဲနီလေး၊ ပဲတီစိမ်း၊ ကုလားပဲနှင့်စားတော်ပဲတို့ကို  အစားထိုးစားသုံးစေလိုကြောင်း၊ စားသုံးသူရေးရာဝန်ကြီးဌာန၏ အချက်အလက်များအရ ဒေလီမြို့တွင် ပဲစဉ်းငုံခွဲခြမ်း၏လက်လီဈေးနှုန်းမှာ ယခင်နှစ်ထက် ၂၇ ရာခိုင်နှုန်း မြင့်တက်လာပြီး ပြီးခဲ့သည့် ၆ လအတွင်း ၁၀ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဒေလီမြို့ရှိ လတ်တလောဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ၁၃၂ ရူပီးအထိရှိပြီး ပျမ်းမျှဈေးနှုန်းမှာ ၁ ကီလိုလျှင် ၁၁၉ ရူပီးဖြစ်ပါကြောင်း၊ ဒေလီမြို့တွင်  ပဲစဉ်းငုံလက်လီဈေးနှုန်းမြင့်တက်လာမှုမှာ ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း ၆၀ ရာခိုင်နှုန်းနီးပါးရှိလာကြောင်း၊ ဝယ်လိုအားရှိသလောက် ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် ပဲခွဲခြမ်းလက်ကားရောင်းချမှုမှာလည်း ၆၀ ရာခိုင်နှုန်းနီးပါးအထိ  မြင့်တက်လျက်ရှိကြောင်း  Economic Times သတင်းစာက ဖော်ပြထားပါသည်။

၂၀၂၂ -၂၀၂၃ ခုနှစ် ရာသီချိန်အတွင်း အိန္ဒိယနိုင်ငံ၏ပဲစဉ်းငုံထုတ်လုပ်မှုမှာ ပြီးခဲ့သည့်နှစ်ထက် ၁၄ ရာခိုင်နှုန်းလျော့နည်းနိုင်ကြောင်း အိန္ဒိယအစိုးရက ခန့်မှန်းထားပြီး၊  စိုက်ပျိုးရေးကျွမ်းကျင်သူများကမူ ၂၀ ရာခိုင်နှုန်းအထက် ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားပါကြောင်း၊ ဝယ်လိုအားကို ထုတ်လုပ်မှုက မမီနိုင်သည့်အတွက် စားသုံးသူများ၏နှစ်သက်မှုကို ပြောင်းလဲခြင်းအားဖြင့် ပဲစဉ်းငုံဝယ်လိုအားကို လျှော့ချနိုင်မည်ဟု ပဲစဉ်းငုံကုန်သည်များက   ယူဆလျက်ရှိပါကြောင်း၊  အိန္ဒိယပဲမျိုးစုံနှင့်နှံစားသီးနှံအသင်း(The Indian Pulses and Grains Association - IPGA) က အစားအစာနှင့် ပြည်သူ့ဖြန့်ဖြူးရောင်းချရေးဌာနနှင့်ပူးပေါင်း၍ ပဲစဉ်းငုံအစား ပဲနီလေး၊ ပဲတီစိမ်း၊ ကုလားပဲနှင့်  စားတော်ပဲစသည့်ပဲများကို စားသုံးမှုမြှင့်တင်ရန် စည်းရုံးလှုံဆော်လျက်ရှိကြောင်းလည်း ဖော်ပြထားပါသည်။

Agmarknet တွင်ဖော်ပြထားသည့်အချက်အလက်များအရ Maharashtra ပြည်နယ်၊ Latur လက်ကားဈေးတွင် ပြုပြင်ထားခြင်းမရှိသည့် ပဲစဉ်းငုံ၏ပျှမ်းမျှဈေးနှုန်းမှာ ပြီးခဲ့သည့်နှစ် ယခုအချိန်တွင် ၁ ကီလိုဂရမ်လျှင် ၆၀ ရူပီးသာရှိခဲ့ရာမှ ယခုအခါ ၁ ကီလိုဂရမ်လျှင် ၉၀ ရူပီးအထိ  ဈေးနှုန်းမြင့်တက်လာပါကြောင်းနှင့် သီးနှံအသစ်များရိတ်သိမ်းသည့် ပြီးခဲ့သည့်ဇန်နဝါရီလမှစတင်၍ ၄ လအတွင်း ဈေးနှုန်းမှာ ၂၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။ 

ပဲစဉ်းငုံဝယ်လိုအားက ပုံမှန်အတိုင်းရှိနေသော်လည်း ပဲစဉ်းငုံထုတ်လုပ်မှုက သိသိသာသာကျဆင်းခဲ့ပါကြောင်း၊ ဗဟိုအစိုးရနှင့်တွေ့ဆုံသည့်အချိန်၌ ပဲစဉ်းငုံကဲ့သို့ အခြားသောပဲအမျိုးအစားများသည်လည်း ပရိုတင်းတူညီစွာပါဝင်မှုရှိကြောင်း ပြည်သူများအားလှုံဆော်စည်းရုံးရန် အသင့်ရှိသည်ဟု တင်ပြထားခဲ့ကြောင်း၊ ဝယ်လိုအားနှင့်ရောင်းလိုအားအကြား ကွာဟချက်ကို ပြည်ပမှတင်သွင်းခြင်းနည်းလမ်းတစ်ခုတည်းဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရန်မဖြစ်နိုင်ပါကြောင်း၊  အိန္ဒိယနိုင်ငံအပြင် ပဲစဉ်းငုံရရှိနိုင်သည့်နိုင်ငံမှာ မြန်မာနိုင်ငံနှင့်အာဖရိကအရှေ့ပိုင်းနိုင်ငံတချို့သာရှိပါကြောင်းနှင့် စားသုံးသူများအနေဖြင့် ဈေးနှုန်းသက်သာသည့် ပဲနီလေး၊ ပဲတီစိမ်း၊ ကုလားပဲနှင့်  စားတော်ပဲတို့ကိုလည်း ရွေးချယ်စားသုံးနိုင်သည်ဟု IPGA ဥက္ကဋ္ဌ ဖြစ်သူ Bimal Kothari  က ပြောကြားထားကြောင်း India Times  သတင်းစာက ဖော်ပြထားပါသည်။

၂၀၁၀ ပြည့်နှစ်တွင် အမျိုးသားစိုက်ပျိုးရေးစျေးကွက်ရှာဖွေမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (National Agricultural Cooperative Marketing Federation of India - Nafed) ကလည်း ပြည်တွင်းထုတ်လုပ်သည့်ပဲမျိုးစုံ၏ ဈေးနှုန်းများကြီးမြင့်မှုကြောင့် ပြည်ပမှတင်သွင်းသည့် ပဲနီလေးကို အဓိကအစားအစာအဖြစ် မြှင့်တင်စည်းရုံးလှုံဆော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုအချိန်မှစ၍ ကုလားပဲနှင့်ရော၍ ပဲမှုန့်ပြုလုပ်ရန် ပဲနီလေးကို တင်သွင်းခဲ့ပါကြောင်း၊ ဗဟိုအစိုးရနှင့်ပြည်နယ်အစိုးရအနေဖြင့် လူမှုဘဝဖူလုံရေးအစီအစဉ်အတွက် ပဲစဉ်းငုံကို ပြည်ပမှတင်သွင်းနေခြင်းကို ရပ်ဆိုင်းသင့်ပါကြောင်းနှင့် ယင်းအစား ဈေးနှုန်းသက်သာပြီး ပေါများစွာရရှိနိုင်သည့် ပဲအမျိုးအစားများကို လူမှုဘဝဖူလုံရေးအစီအစဉ်အနေဖြင့် အသုံးပြုသင့်သည်ဟု IPGA ဥက္ကဋ္ဌက အကြံပြုထားကြောင်းလည်း  သိရှိရပါသည်။

အိန္ဒိယသို့ ပဲစဉ်းငုံအဓိကရောင်းချသည့် အာဖရိကနိုင်ငံများတွင်လည်း ဈေးနှုန်းများမှာ ယခင်နှစ်ကထက် ၂၅ ရာခိုင်နှုန်းမြင့်တက်လျက်ရှိသည်ဟု Mayur Global Corporation ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Harsha Rai ကပြောကြားထားပါကြောင်း၊ အိန္ဒိယသို့ တင်ပို့ရန်စိုက်ပျိုးသည့် အာဖရိကပဲစဉ်းငုံများမှာ ဇူလိုင်လနှင့်သြဂုတ်လတွင် သီးနှံရိတ်သိမ်းမည်ဖြစ်သဖြင့် သြဂုတ်လမှ နိုဝင်ဘာလပွဲတော်ရာသီချိန်အတွင်း ပဲစဉ်းငုံရှားပါးမှုနှင့်ကြုံတွေ့နိုင်သည့်အချိန်တွင် ပဲစဉ်းငုံဈေးကို ထိန်းချုပ်နိုင်ရန်အရေးကြီးပါကြောင်း၊ သို့ရာတွင် ပြီးခဲ့သည့်အပတ်က အိန္ဒိယနိုင်ငံ၏  ဈေးကွက်အတွင်း ပဲစဉ်းငုံဈေးနှုန်းများမြင့်တက်ခဲ့သည့်အတွက် အာဖရိကနိုင်ငံများမှ ပဲစဉ်းငုံအရောင်း အဝယ်စာချုပ်များကို ရပ်နားထားပါကြောင်း၊ တင်သွင်းသူများအနေဖြင့် ပဲစဉ်းငုံရိတ်သိမ်းချိန်အထိ စောင့်ရန်ဆန္ဒရှိပါကြောင်းနှင့် ပဲစဉ်းငုံအသစ်များဝင်ရောက်လာပါက ဈေးနှုန်းအနည်းငယ်ကျဆင်းသွားနိုင်သည်ဟု Harsha Rai ကပြောကြားထားကြောင်းလည်း ဖော်ပြထားပါသည်။

အိန္ဒိယအစိုးရက မြန်မာနိုင်ငံရှိကုန်သည်များကို ပဲစဉ်းငုံနှင့်မတ်ပဲများ သိုလှောင်သိမ်းဆည်းထားခြင်းမရှိရန် သတိပေးထားခြင်းမပြုရန် သတိပေးထားပြီးဖြစ်ပါကြောင်း၊ မြန်မာကုန်သည်များအနေဖြင့် ပဲများကို ရောင်းချခြင်းမပြုဘဲ သိုလှောင်သိမ်းဆည်းထားပါက အစိုးရအချင်းချင်းဝယ်ယူမှုအစီအစဉ်များ‌ဆောင်ရွက်သွားမည်ဟု ပြောကြားထားကြောင်းလည်း India Times သတင်းစာက ဖော်ပြထားပါသည်။

Source : Why Traders want you to shun Tur dal and eat other pulses, The Economic Times, 21 May 2023

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)