Japan

၂၀၂၃ ဘဏ္ဍာနှစ်တွင် ဂျပန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများ စံချိန်တင်မြင့်တက်လာမည်

Last Updated:

၂၀၂၃ ဘဏ္ဍာနှစ်တွင် ဂျပန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများမှာ ယန်း ၃၁.၆ ထရီလီယံ(အမေရိကန် ဒေါ်လာ ၂၂၃ ဘီလီယံ)ထိ စံချိန်တင်မြင့်တက်လာမည်ဖြစ်ကြောင်း၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက လုပ်ငန်းကဏ္ဍအားလုံးတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ ၁၆.၉ ရာခိုင်နှုန်းမြင့်တက်လာသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားပါသည်။

အဆိုပါသတင်းတွင် Nikkei အနေဖြင့် ယန်းသန်း ၁၀၀ အနည်းဆုံးရင်းနှီးမြှုပ်နှံထားသည့် ဂျပန်ကုမ္ပဏီစုစုပေါင်း ၈၅၇ ခုကို စစ်တမ်းကောက်ယူခဲ့ရာ၌ ၎င်းတို့၏ဂျပန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားမှုအခြေအနေမှာ စုစုပေါင်းရင်းနှီးမြှုပ်နှံထားမှု၏ သုံးပုံနှစ်ပုံနီးပါးရှိကြောင်း၊ ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံထားမှုမှာ ၂ နှစ်ဆက်တိုက် ကိန်းဂဏန်း ၂ လုံးအထိ တိုးတက်မှုနှုန်းမြင့်မားခဲ့ကြောင်း၊ ပြည်ပ၌ ရင်းနှီးမြှုပ်နှံထားမှုမှာ ၂၂.၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ၃ နှစ်ဆက်တိုက် ကိန်းဂဏန်း ၂ လုံးအထိ တိုးတက်မှုနှုန်းမြင့်မားခဲ့ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်၏ ငွေကြေးဖောင်းပွမှုလျှော့ချရေးအက်ဥပဒေ(Inflation Reduction Act)အရ အမေရိကန်၌ ကုန်စည်ထုတ်လုပ်သည့်ကုမ္ပဏီများကို အထူးအခွင့်အရေးပေးအပ်ထားခြင်းကြောင့် အမေရိကန်တွင် ဂျပန်ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံထားမှုမှာ ယန်း ၁ ထရီလီယံကျော်ရှိလာနိုင်ပြီး ၃၀.၇ ရာခိုင်နှုန်းမြင့်တက်လာနိုင်ကြောင်း ဖော်ပြထားပါသည်။ ထို့အတူ စစ်တမ်းတွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီများ အနေဖြင့် အီးယူတွင် ရင်းနှီးမြှုပ်နှံထားမှုမှာ ၃၆.၈ ရာခိုင်နှုန်းမြင့်တက်လာနိုင်ကြောင်း၊ သို့သော် တရုတ်နိုင်ငံတွင် ဂျပန်ကုမ္ပဏီများ၏ရင်းနှီးမြှုပ်နှံမှုမှာ ၇.၅ ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း ခန့်မှန်းဖော်ပြထားပါသည်။

ဘက်ထရီနှင့်ဆက်စပ်ပစ္စည်းများနှင့် Software စသည့်လျှပ်စစ်ယာဉ်(EV)နှင့်ဆက်စပ်သည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများပိုမိုမြင့်တက်လာသည်ကိုတွေ့ရှိရကြောင်း၊ လုပ်သားရှားပါးလာသည်နှင့်အမျှ ဉာဏ်ရည်တု (Artificial Intelligence)နှင့် အခြားနည်းပညာများအသုံးပြု၍ ထုတ်လုပ်မှုမြှင့်တင်လိုသည့်ကုမ္ပဏီများအနေဖြင့် ဒီဂျစ်တယ်နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်ပိုမိုစိတ်ဝင်စားလာကြောင်း၊ ကဏ္ဍအလိုက်ကြည့်မည်ဆိုပါက စက္ကူ၊ ပျော့ဖတ်၊ အိမ်ရာ အဆောက်အဦနှင့် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ ၃ ခုတွင် ရင်းနှီးမြှုပ်နှံမှုများပိုမိုတိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ လျှပ်စစ်ပစ္စည်းများထုတ်လုပ်မှုမှာ ၁၇.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယန်း ၅ ထရီလီယံသို့လည်းကောင်း၊ မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုမှာ ယန်း ၄.၃ ထရီလီယံရှိကာ ၁၆.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

Toyota Motor အနေဖြင့် ၂၀၂၃ ဘဏ္ဍာနှစ်တွင် ယန်း ၁.၈၆ ထရီလီယံရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိကြောင်း၊ အဆိုပါပမာဏမှာ ၂၀၂၂ ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ၁၅.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ထို့အတူ Toyota Motor အနေဖြင့် အမေရိကန်ရှိ ဘက်ထရီစက်ရုံတွင် ယန်း ၂၉၀ ဘီလီယံထပ်မံရင်းနှီးမြှုပ်နှံသွားရန်စီစဉ်လျက်ရှိပြီး၊ အဆိုပါစက်ရုံမှာ ၂၀၂၅ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ Nissan Motor နှင့်အခြားသောကုမ္ပဏီများအနေဖြင့်လည်း လျှပ်စစ်ယာဉ်(EV)ထုတ်လုပ်မှုကိုမြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

Panasonic Holdings အနေဖြင့် ရင်းနှီးမြှုပ်နှံမှုကို ၂.၃ ရာခိုင်နှုန်းမြှင့်တင်ကာ ယန်း ၇၀၀ ဘီလီယံရင်းနှီးမြှုပ်နှံသွားရန်ရှိကြောင်း၊ အဆိုပါရင်းနှီးမြှုပ်နှံမှုပမာဏ၏ထက်ဝက်နီးပါးမှာ လျှပ်စစ်ယာဉ်များတွင် အသုံးပြုမည့် ဘက်ထရီနှင့်အခြားသောဆက်စပ်ပစ္စည်းများ ထုတ်လုပ်မှုမြှင့်တင်နိုင်ရေး ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၊ Kansas ပြည်နယ်တွင် ဘက်ထရီစက်ရုံကို ၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင်လည်ပတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Daikin Industries အနေဖြင့် ပိုလန်၊ မက်ဆီကိုနှင့် အခြားနိုင်ငံများတွင် ၎င်း၏လေအေးပေးစက် ထုတ်လုပ်မှုလုပ်ငန်းများကို ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန် စက်ရုံအသစ် ၅ ရုံတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် NTT အနေဖြင့် ၂၀၂၃ ခုနှစ်၌ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၇.၄ ရာခိုင်နှုန်းတိုးမြှင့်ကာ ယန်း ၂ ထရီလီယံရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: The Nikkei Asia (22-6-2023)

သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့

Category: Japan