India (Delhi)

အိန္ဒိယနိုင်ငံသည် ဘရာဇီးနိုင်ငံမှ မတ်ပဲတင်သွင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ

Last Updated:

ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဈေးနှုန်းထိန်းသိမ်းနိုင်ရေးအတွက် အိန္ဒိယနိုင်ငံအနေဖြင့် ဘရာဇီးနိုင်ငံမှ မတ်ပဲတင်သွင်းနိုင်ရေးဆွေးနွေးလျက်ရှိရာ ပြီးစီးလုနီးပြီဖြစ်ကြောင်း စားသုံးသူရေးရာဌာန အတွင်းဝန်ဖြစ်သူ Rohit Kumar Singh က အင်္ဂါနေ့က ပြောကြားခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံသည် စားသုံးသူလိုအပ်ချက်နှင့် ထုတ်လုပ်နိုင်မှုကွာဟာချက်အပေါ်မူတည်ပြီး နှစ်စဉ်တန်ချိန် ၇ သိန်းမှ ၇ သိန်းခွဲခန့်ကို ပြည်ပမှ တင်သွင်းလျက်ရှိပါကြောင်းနှင့် တင်သွင်းမှုအားလုံး၏ ၇၄ ရာခိုင်နှုန်းခန့်မှာ မြန်မာနိုင်ငံမှ တင်သွင်းခြင်းဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေး ရာသီဥတုအခြေအနေများအရ ဘရာဇီးနိုင်ငံသည် မတ်ပဲစိုက်ပျိုးထုတ်လုပ်ရန် သင့်လျော်မှုရှိသည့်အတွက် ဘရာဇီးမှ မတ်ပဲထုတ်လုပ်တင်သွင်းရန် ဆွေးနွေးမှုများဆောင်ရွက်လျက်ရှိရာ ပြီးစီးလုနီးပြီဟု အတွင်းဝန်က သတင်းထောက်များကိုပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

အိန္ဒိယနိုင်ငံအနေဖြင့် ယခုနှစ်တွင် မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၂ သိန်းခန့်ကို တင်သွင်းထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံကိုမှီခိုနေရခြင်းမှ လျှော့ချနိုင်ရန်အတွက် အခြားမတ်ပဲထွက်ရှိသည့်နိုင်ငံများကိုရှာဖွေနေခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ ပဲကုန်သည်များသည် ပဲများကို ပုံမှန်တိုင်းရောင်းချခြင်းမပြုဘဲ သိုလှောင်သိမ်းဆည်းထားခြင်းကြောင့် အိန္ဒိယနိုင်ငံ၏ပြည်တွင်း ဈေးကွက်ကိုသက်ရောက်မှုရှိသဖြင့် စားသုံးသူရေးရာဌာနကလည်း ယင်းကုန်သည်များကို မကြာခင်က သတိပေးထားပြီးဖြစ်သည်ဟု အတွင်းဝန်က ပြောကြားခဲ့ကြောင်းလည်း ဖော်ပြထားပါသည်။

၂၀၂၂-၂၀၂၃ မတ်ပဲထွက်ရှိမည့်ရာသီဖြစ်သည့် ဇွန်၊ ဇူလိုင်လတို့တွင် အိန္ဒိယနိုင်ငံ၏ မတ်ပဲထွက်ရှိမှုမှာ တန်ချိန် ၂.၆၈ သန်းခန့်ရှိမည်ဟု လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားပြီး ပြီးခဲ့သည့်နှစ်က မတ်ပဲထွက်ရှိမှုတန်ချိန် ၂.၇၇ သန်းထက် လျော့နည်းသွားမည်ဖြစ်ကြောင်းလည်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

Source : India exploring importing urad from Brazil, The Economic Times, May 23, 2013

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)