Singapore

ချန်ဒူး(Chengdu)အစည်းအဝေးတွင် စင်ကာပူနှင့် Sichuan လုပ်ငန်းများအကြား သဘောတူစာချုပ် ၆ ခု လက်မှတ်ရေးထိုး

Last Updated:

ချန်ဒူးမြို့(Chengdu)တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအစည်းအဝေးတွင် စင်ကာပူကုမ္ပဏီများနှင့် Sichuan ပြည်နယ်ရှိ ကုမ္ပဏီများအကြား နားလည်မှုစာချွန်လွှာအသစ် ၆ ခုကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထိုသို့လက်မှတ်ရေးထိုးခြင်းသည် စင်ကာပူကုမ္ပဏီများအနေဖြင့် Sichuan ပြည်နယ်တွင် စီးပွားရေးလုပ်ငန်းများဆက်လက်လုပ်ကိုင်လိုမှုကို ပြသခြင်းဖြစ်ကြောင်း စင်ကာပူနိုင်ငံ လူ့စွမ်းအားဝန်ကြီးဌာန(Ministry of Manpower) ဝန်ကြီးနှင့် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန (Ministry of Trade and Industry) ဒုတိယဝန်ကြီး Dr. Tan See Leng က ပြောကြားခဲ့ပါသည်။

(၂၃) ကြိမ်မြောက် စင်ကာပူ - Sichuan ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကော်မတီ (Singapore-Sichuan Trade and Investment Committee - SSTIC) အစည်းအဝေးတွင် Dr. Tan See Leng နှင့် Sichuan ပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Yang Xingping တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ပြီး Sichuan ပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူး Huang Qiang တက်ရောက်ခဲ့ပါသည်။ နှစ်ဖက်ကုန်သွယ်မှုမှာ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ(စင်ကာပူဒေါ်လာ ၃.၆၅ ဘီလီယံ)အထိ အမြင့်ဆုံးရောက်ရှိခဲ့ပါသည်။ နှစ်ဖက်အကြား ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၇၃၇ ခု၊ အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံရှိပြီး စင်ကာပူနိုင်ငံသည် ယမန်နှစ်က Sichuan ပြည်နယ်၏ အကြီးဆုံးရင်းနှီးမြှုပ်နှံသည့်နိုင်ငံဖြစ်ပါသည်။

SSTIC ၏ဦးတည်ချက် ၃ ခုတွင် တိုးတက်မှုကောင်းများရရှိခဲ့ကြောင်း၊ ၎င်းဦးတည်ချက် ၃ ခုအနက် ပထမတစ်ခုဖြစ်သည့် ကုန်သွယ်မှုနှင့်ချိတ်ဆက်မှုတွင် စင်ကာပူနိုင်ငံနှင့် Sichuan ပြည်နယ်ရှိ ကုမ္ပဏီများအနေဖြင့် အခွင့်အလမ်းအသစ်များကို ဆက်လက်ရှာဖွေနိုင်မည်ဖြစ်ကြောင်း၊ ဒုတိယတစ်ခုမှာ တီထွင်ဆန်းသစ်မှုဖြစ်ပြီး Singapore-Sichuan Hi-Tech Innovation Park သည် စင်ကာပူကုမ္ပဏီများ တရုတ်နိုင်ငံတွင် လုပ်ငန်းချဲ့ထွင်နိုင်ရန်အတွက် ဝင်ပေါက်တစ်ခုဖြစ်နေဆဲဖြစ်ကြောင်း၊ တတိယတစ်ခုမှာ စင်ကာပူအသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် Sichuan ပြည်နယ်(အထူးသဖြင့် ချန်ဒူးမြို့)တွင်ဖြစ်ပေါ်တိုးတက်လာမည့် စီးပွားရေးအခွင့်အလမ်းများအပေါ်လည်း အကောင်းမြင်လာမည် ဖြစ်ကြောင်း Dr. Tan See Leng က ပြောကြားခဲ့ပါသည်။

ထို့ပြင် ၎င်းက တိုးတက်မြင့်မားသည့် နည်းပညာ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းသစ်များစသည်တို့ကို ထောက်ပံ့ပေးရန်နှင့် Sichuan ပြည်နယ်တွင် စက်မှုဆိုင်ရာ ထောက်ပံ့မှုကွင်းဆက် ဖွံ့ဖြိုးတိုးတက်လာစေရန်‌ ဆောင်ရွက်ပေးမည့် InnoVen Capital China နှင့် Ziyang Major Industry Equity Investment Fund တို့အကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း အလေးပေးပြောကြားခဲ့ပါသည်။

Apeiron Bioenergy နှင့် Longchang Yuanjuon တို့အကြား ဟင်းချက်ပြီးဆီနှင့် စွန့်ပစ်ဆီများမှ ဇီဝဒီဇယ်ထုတ်ကုန်များထုတ်လုပ်၍ ဥရောပသို့ တင်ပို့ရန်အတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။ စင်ကာပူ - တရုတ်ကုန်သည်ကြီးများအသင်း (Singapore Chinese Chamber of Commerce) နှင့် Industry’s Sichuan Representative Office တို့သည် ပြပွဲများ၊ ကိုယ်စားလှယ်များလာရောက်လည်ပတ်သည့်အစီအစဉ်များ၊ စီးပွားရေးချိတ်ဆက်ပွဲများပြုလုပ်ပေးခြင်းဖြင့် စီးပွားရေးဖလှယ်မှုများ ပိုမိုဆောင်ရွက်နိုင်ရန်အတွက် General Association of Sichuan Entrepreneurs နှင့်အတူတကွပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည့် အခြားနားလည်မှုစာချွန်လွှာများမှာ တရုတ်နိုင်ငံတွင် ပထမတန်းစားယာဉ်များစစ်ဆေးခြင်းဝန်ဆောင်မှုအတွက် ပူးပေါင်းဆောင်ရွက်မှု၊ Wuhou ခရိုင်တွင် စွမ်းအင်ဝန်ဆောင်မှုလုပ်ငန်းများအတွက် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုနှင့် တည်ထောင်လုပ်ကိုင်မှု၊ တရုတ်နိုင်ငံအနောက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာခေတ်မီသယ်ယူပို့ဆောင်ရေးစင်တာတည်ဆောက်ခြင်း စသည့်ကဏ္ဍတို့တွင်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံနှင့် Sichuan ပြည်နယ်တို့သည် ကုန်သွယ်မှုနှင့်ချိတ်ဆက်မှု၊ စိုက်ပျိုးရေးထုတ်ကုန်ထုတ်လုပ်သည့် အဓိကဒေသ၊ တရုတ်နိုင်ငံအနောက်ပိုင်းဒေသနှင့် အရှေ့တောင်အာရှ၊ အာရှအလယ်ပိုင်းဒေသတို့ကို ချိတ်ဆက်ပေးသည့် ကုန်သွယ်မှုဗဟိုဌာနနှင့်စားသုံးမှုစင်တာ စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာများကို ပိုမိုချဲ့ထွင်နိုင်မည်ဖြစ်ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရင်းမြစ်များနှင့် ကာဗွန်ထုတ်လွှတ်မှုနည်းစေမည့် အဖြေရှာမှုများ၌  ပူးပေါင်းဆောင်ရွက်ရန်အတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတွင် နှစ်ဖက်အနေဖြင့် အပြန်အလှန်အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း Dr. Tan See leng က ပြောကြားခဲ့ပါသည်။ ကုန်သွယ်မှုနှင့် ချိတ်ဆက်မှု၊ အစိမ်းရောင်စီးပွားရေးတို့အပြင် လျင်မြန်စွာတိုးတက်လာသည့် ဒီဂျစ်တယ်စီးပွားရေးနှင့် နှစ်ဖက်ပြည်သူများအကြား အပြန်အလှန်ဖလှယ်သည့်အစီအစဉ်၏ အရေးပါမှုတို့ကို အလေးပေးပြောကြားခဲ့ပါသည်။

ရင်းမြစ်။        The Straits Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore