Singapore

စင်ကာပူနိုင်ငံနှင့် ကာတာနိုင်ငံတို့ စွမ်းအင်၊ စားနပ်ရိက္ခာ၊ ဆိုက်ဘာလုံခြုံရေး စသည့်နယ်ပယ်များတွင် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး

Last Updated:

စင်ကာပူနိုင်ငံသမ္မတ မဒမ် Halimah Yacob ၏ ကာတာနိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်တွင် နားလည်မှုစာချွန်လွှာ ၅ ခုကို ဒိုဟာမြို့တော်ရှိ Emiri Diwan ၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ စင်ကာပူနိုင်ငံနှင့် ကာတာနိုင်ငံတို့သည် ရေရှည်တည်တံ့ခိုင်မြဲသည့် နည်းပညာများ၊ အစားအသောက်နှင့် ဆိုက်ဘာလုံခြုံရေးစသည့်နယ်ပယ်များ၌ စီးပွားရေးလုပ်ငန်းများ ပိုမိုလွယ်ကူစွာ လုပ်ကိုင်လာနိုင်မည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံအနေဖြင့် ကာတာနိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် အသေးစား အလတ်စားစီးပွားရေးလုပ်ငန်း ၃၀ နီးပါးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ ၃ ဖွဲ့ကို စေလွှတ်သွားမည်ဖြစ်ပါသည်။ ငွေကြေးဆိုင်ရာနည်းပညာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စွမ်းအင်၊ ထောက်ပံ့ပို့ဆောင်ရေး စသည့်ကဏ္ဍများမှကုမ္ပဏီများသည် အလားအလာရှိသည့် ဈေးကွက်ဆိုင်ရာအခွင့်အလမ်းများ၊ ပူးပေါင်းဆောင်ရွက်မှုများကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း Ms. Low Yen Ling, Minister of State for Trade and Industry, Singapore က ပြောကြားခဲ့ပါသည်။

စွမ်းအင်နှင့်ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုလျှော့ချခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် ကာတာနိုင်ငံပိုင် QatarEnergy တို့အကြား သဘာဝဓာတ်ငွေ့ရည် (LNG) နှင့် ကာဗွန်ထုတ်လွှတ်မှုနည်းသည့်နည်းပညာပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။ နှစ်နိုင်ငံအနေဖြင့် ရေရှည်သဘာဝဓာတ်ငွေ့ရည်ထောက်ပံ့ရေးကွင်းဆက်ကို အားကောင်းစေရန်နှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်သိမ်းဆည်းသိုလှောင်သည့် အသိပညာများကို ဖလှယ်သွားမည်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံ လျှပ်စစ်ဓာတ်အား၏ ၉၅ ရာခိုင်နှုန်းကို သဘာဝဓာတ်ငွေ့မှ ထုတ်လုပ်ခြင်းဖြစ်ပြီး ကာတာနိုင်ငံသည် ကမ္ဘာ့ထိပ်တန်းသဘာဝဓာတ်ငွေ့အရည် (LNG) တင်ပို့သည့်နိုင်ငံဖြစ်ပါသည်။

စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ ကိုယ်စားလှယ်များသည် ကာတာနိုင်ငံမှ တာဝန်ရှိသူများနှင့် ပင်လယ်ကွေ့နိုင်ငံ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှု စသည့် နယ်ပယ်များတွင် ကာတာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမည့်အစီအစဉ်ဖြစ်သည့် National Vision 2030 နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ Ms. Low Yen Ling က အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများအတွက် နည်းပညာနှင့်တီထွင်ဆန်းသစ်မှု၊ စွမ်းအင်နှင့်ထောက်ပံ့ပို့ဆောင်ရေး၊ အခြေခံအဆောက်အအုံစသည့်ကဏ္ဍတို့တွင် အခွင့်အလမ်းများရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် Enterprise Singapore က အဆိုပါကဏ္ဍများရှိ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများပါဝင်သည့် စီးပွားရေးခရီးစဉ် ၃ ခုကို စီစဉ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံနှင့်ကာတာနိုင်ငံအကြားချုပ်ဆိုသည့် အခြားနားလည်မှုစာချွန်လွှာတစ်ခုမှာ Singapore Food Agency နှင့် ကာတာနိုင်ငံ စားနပ်ရိက္ခာဖူလုံရေးနှင့် ဘေးကင်းရေးအတွက် Ministry of Municipality တို့အကြားချုပ်ဆိုသည့် နားလည်မှုစာချွန်လွှာဖြစ်ပါသည်။ နှစ်ဖက်အဖွဲ့အစည်းများအနေဖြင့် မဟာဗျူဟာများ၊ မူဝါဒများ၊ အကောင်းဆုံးသောအလေ့အကျင့်များ၊ ခေတ်မီနည်းပညာများ၊ တီထွင်ဆန်းသစ်မှုဆိုင်ရာ အဖြေရှာမှုများစသည်တို့ကို ဖလှယ်သွားမည်ဖြစ်ပါသည်။ 

ထို့ပြင် နှစ်နိုင်ငံကုမ္ပဏီများအကြား တီထွင်ဆန်းသစ်မှုပြိုင်ပွဲများ၊ စီးပွားရေးချိတ်ဆက်ပွဲများ စသည့်ပူးတွဲမြှင့်တင်သည့်အစီအစဉ်များမှတစ်ဆင့် တီထွင်ဆန်းသစ်မှုဖလှယ်ခြင်းများကို အားပေးရန်အတွက် Enterprise Singapore နှင့် Qatar Research, Development and Innovation Council တို့အကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။ နှစ်ဖက်အဖွဲ့အစည်းများအနေဖြင့် အလုပ်ရုံဆွေးနွေးပွဲများမှတစ်ဆင့် အသိပညာများကို ဝေမျှသွားမည်ဖြစ်ပါသည်။ တီထွင်ဆန်းသစ်မှုထုတ်ကုန်များထုတ်လုပ်သည့် စင်ကာပူကုမ္ပဏီများကို အကူအညီပေးရန်နှင့် ကာတာကုမ္ပဏီများနှင့်ပူးပေါင်းဆောင်ရွက်ရာတွင် စီးပွားရေးအရအခွင့်အလမ်းများသေချာစေရေးအတွက် ရည်ရွယ်၍ အဓိကပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ရေရှည်တည်တံ့မှု၊ အစားအစာနှင့်ဆေးဝါးဆိုင်ရာနည်းပညာ၊ ခေတ်မီစနစ်ကျသည့်မြို့ပြများ (Smart Cities) စသည့်ကဏ္ဍတို့တွင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံနှင့်ကာတာနိုင်ငံတို့သည် သင်ကြားရေးအစီအစဉ်များနှင့်စပ်လျဉ်းသည့် နားလည်မှုစာချွန်လွှာကိုလည်း လက်မှတ်ရေးထိုးခဲ့ပါသည်။ အာရှနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများအကြား ပိုမိုနားလည်ကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု၊ နှစ်နိုင်ငံအတွက် လိုအပ်သည့် အခြားသောဖွံ့ဖြိုးတိုးတက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ဖြစ်ပါသည်။ ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလတွင် Asia-Middle East Dialogue (Amed) အရ တည်ထောင်ခဲ့သည့် Doha Regional Training Centre for Public Administration တွင် ကာတာနိုင်ငံသည် စင်ကာပူနိုင်ငံ၏ မိတ်ဖက်နိုင်ငံဖြစ်ပါသည်။ နားလည်မှုစာချွန်လွှာသည် စင်တာတွင် Amed အဖွဲ့ဝင်နိုင်ငံများ၏ သင်ကြားရေးအစီအစဉ်များကို အကောင်အထည်ဖော်ရန် ရည်ရွယ်ပါသည်။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ မြို့ပြစီမံကိန်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုစသည့်နယ်ပယ်များအလိုက် စွမ်းဆောင်ရည်မြှင့်သင်တန်းများကို နှစ်စဉ်ပြုလုပ်သွားမည်ဖြစ်ပါသည်။

ကွန်ပြူတာအရေးပေါ် တုံ့ပြန်မှုအဖွဲ့များအကြား သတင်းအချက်အလက်များ ဝေမျှခြင်းကဲ့သို့သော နယ်ပယ်များတွင် ဆိုက်ဘာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် စင်ကာပူနိုင်ငံနှင့် ကာတာနိုင်ငံတို့၏ ဆိုက်ဘာလုံခြုံရေးအေဂျင်စီများအကြား သဘောတူခဲ့ပါသည်။ စက်မှုထိန်းချုပ်ရေးစနစ်များကို ပိုမိုလုံခြုံသေချာစေခြင်း၊ အရေးကြီးသည့် သတင်းအချက်အလက်အခြေခံအဆောက်အအုံစနစ်များတွင် နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့်အသုံးချပြုခြင်းတို့နှင့်စပ်လျဉ်း၍ နှစ်ဖက်အဖွဲ့အစည်းများအကြား ဝေမျှသွားမည်ဖြစ်ပြီး နှစ်ဖက်အမျိုးသားအကျိုးစီးပွားပါဝင်နေသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရင်းမြစ်။        The Straits Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

 

Category: Singapore