India (Delhi)

အမေရိကန်မှတင်သွင်းသည့် ပန်းသီးများအပေါ် အပြန်အလှန်အားဖြင့် ထပ်တိုးအခွန် ၂၀ ရာခိုင်နှုန်းလျှော့ချပေးလိုက်ခြင်းသည် အိန္ဒိယစိုက်ပျိုးထုတ်လုပ်သူများအပါ် ထိခိုက်မှုလုံးဝမရှိနိုင်ကြောင်း အရာရှိများက ပြောကြား

Last Updated:

အမေရိကန်မှတင်သွင်းသည့် ပန်းသီးများအပေါ် အပြန်အလှန်အားဖြင့် ထပ်တိုးအခွန် ၂၀ ရာခိုင်နှုန်းလျှော့ချပေးလိုက်ခြင်းသည် အိန္ဒိယစိုက်ပျိုးထုတ်လုပ်သူများအပါ် ထိခိုက်မှုလုံးဝမရှိနိုင်ကြောင်းနှင့် အစိုးရအနေဖြင့် စိုက်ပျိုးရေးသမားများအပေါ် အထောက်အပံ့ဖြစ်စေမည့်မူဝါဒများ ချမှတ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း အစိုးရအဆင့်မြင့်အရာရှိကြီးတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ Additional Secretary ဖြစ်သူ Peeyush Kumar က ယခုအခွန်ဖြေလျှော့ပေးခြင်းကြောင့် အိန္ဒိယအနေဖြင့် ဆုံးရှုံးမှုများရှိမည်မဟုတ်ကြောင်းနှင့် အမေရိကန်ပန်းသီးများအတွက် စျေးကွက်ဝင်ရောက်ခွင့်ကို လွတ်လပ်စွာခွင့်ပြုခြင်းမျိုးမဟုတ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ အခွန်များတိုးမြှင့်ကောက်ခံမှုကြောင့် ထိခိုက်ခဲ့သော အိန္ဒိယနိုင်ငံ၏ စတီးနှင့်အလူမီနီယံပစ္စည်းများ အမေရိကန်ဈေးကွက်သို့ ဝင်ရောက်ခွင့်ရရှိရေးအတွက် နှစ်ဦးနှစ်ဘက်အကျိုးရှိအောင် ညှိနှိုင်းဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ပြောကြားထားပါသည်။

အဆိုပါဆုံးဖြတ်ချက်သည် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်နှင့် နယူးယောက်မြို့များသို့ မကြာခင်က သွားရောက်ခဲ့သော ဝန်ကြီးချုပ်နာရင်ဒြာမိုဒီ၏ခရီးစဉ်အတွင်း သဘောတူညီမှုရရှိခဲ့သောအချက်များအနက် အစိတ်အပိုင်းတစ်ခုဖြစ်ပါကြောင်းနှင့် အိန္ဒိယနှင့်အမေရိကန်နိုင်ငံအကြား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ ရင်ဆိုင်နေရသော ကုန်သွယ်ရေးဆိုင်ရာအငြင်းပွားမှု ၆ ခုကိုလည်း အပြီးသတ်ညှိနှိုင်းနိုင်ခဲ့ပါကြောင်း ဖော်ပြထားပါသည်။

အမေရိကန်က အိန္ဒိယနိုင်ငံ၏စတီးပစ္စည်းများအပေါ်တွင် သွင်းကုန်အခွန် ၂၅ ရာခိုင်နှုန်းနှင့် အလူမီနံပစ္စည်းများအပေါ်တွင် အခွန် ၁၀ ရာခိုင်နှုန်းတိုးမြှင့်ခြင်းကို တုန့်ပြန်ခြင်းအားဖြင့် ၂၀၁၉ ခုနှစ်က အခွန်တိုးမြှင့်ကောက်ခံခဲ့သော အမေရိကန်၏ကုန်စည် ၂၈ မျိုးအနက် ကုလားပဲ၊ ပဲနီကလေးနှင့် ပန်းသီး အပါအဝင် ကုန်စည် ၈ မျိုးကို အိန္ဒိယအနေဖြင့် အခွန်ဖြေလျှော့ပေးသွားမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ အခွန်ဖြေလျှော့ပေးလိုက်သော်လည်း ပန်းသီးတင်သွင်းလာမှုများအပေါ်တွင် ကောက်ခံသည့်အခွန်(MFN)  ၅၀ ရာခိုင်နှုန်းကျန်ရှိသေးသဖြင့် ပန်းသီးစိုက်ပျိုးသူများအပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်းနှင့် အိန္ဒိယနိုင်ငံ၏ စတီးနှင့်အလူမီနီယံပစ္စည်းများအတွက် အမေရိကန်ဈေးကွက်သို့ ဝင်ရောက်နိုင်မည့်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း Kumar က ပြောကြားထားပါသည်။

အမေရိကန်နိုင်ငံမှ ပန်းသီးတင်သွင်းမှုမှာ ၂၀၁၈-၂၀၁၉ ရာသီချိန်တွင် တန်ချိန် ၁ သိန်းကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၄၅ သန်းရှိခဲ့ရာမှ ၂၀၂၂-၂၀၂၃ ရာသီတွင် တန်ချိန် ၄၅၀၀ ခန့်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၅ သန်းခန့်သို့ သိသိသာသာကျဆင်းခဲ့ပါကြောင်း၊ အဓိကအကြောင်းအရင်းမှာ အမေရိကန်ပန်းသီးများအပေါ်တွင် အိန္ဒိယမှ အပြန်အလှန်အခွန်တိုးမြှင့်ကောက်ခံခြင်းများကြောင့် ဈေးကွက်၌ တခြားသောနိုင်ငံများ၏ပန်းသီးများ အစားထိုးဝင်ရောက်လာခြင်းကြောင့်ဖြစ်ပါကြောင်း၊ အခြားသောနိုင်ငံများ၏ပန်းသီးတင်သွင်းမှုများမှာ ၂၀၁၈-၂၀၁၉ ရာသီချိန်တွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၁၆၀ သန်းခန့်သာရှိသော်လည်း ၂၀၂၂-၂၀၂၃ ရာသီတွင် အမေရိကန်ဒေါ်လာ ၂၉၀ သန်းထိရောက်ရှိခဲ့ကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ ဖြေရှင်းဆောင်ရွက်နေရသော အငြင်းပွားမှုထဲမှ တစ်ခုဖြစ်သည့် အမေရိကန်ပန်းသီးများအပေါ် ထပ်တိုးခွန်တိုးမြှင့်ကောက်ခံမှုဖြေလျှော့ပေးလိုက်ခြင်းသည် အိန္ဒိယနိုင်ငံ၏ စတီးနှင့်အလူမီနီယံထုတ်ကုန်ပစ္စည်းများအတွက် အမေရိကန်ဈေးကွက်သို့ ဝင်ရောက်ခွင့်ကို ပြန်လည်ရရှိလာမည်ဖြစ်ပြီး အခြားသောနိုင်ငံများနှင့်လည်း ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာမည်ဖြစ်ပါကြောင်း၊သို့ရာတွင် ပြည်တွင်းပန်းသီးစိုက်ပျိုးထုတ်လုပ်သူများအပေါ်တွင် သီးခြားသက်ရောက်မှုများ ရှိမည်မဟုတ်ကြောင်းလည်း ဖော်ပြထားပါသည်။

ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနသည် ဘူတန်နိုင်ငံမှလွဲ၍ ကျန်နိုင်ငံများ၏ပန်သီးတင်သွင်းမှုများအပေါ် အနည်းဆုံးဈေးနှုန်းကို ၁ ကီလိုဂရမ်လျှင် ရူပီး ၅၀ ဟုပြီးခဲ့သည့်မေလက သတ်မှတ်ခဲ့ပါကြောင်း၊ အဆိုပါအနိမ့်ဆုံးတင်သွင်းမှုဈေးနှုန်းသတ်မှတ်ချက်သည် ဘူတန်နိုင်ငံမှလွဲပြီး အမေရိကန်နိုင်ငံနှင့် အခြားသောနိုင်ငံများအပေါ်တွင် ကျင့်သုံးဆောင်ရွက်မည်ဖြစ်၍ ပြည်တွင်းသို့ ပန်းသီးများ များစွာဝင်ရောက်လာမှုကို အတားအဆီးဖြစ်စေမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အရည်အသွေးကောင်းမွန်ခြင်းမရှိသည့် ပန်းသီးများကို ဈေးနှုန်းချိုသာစွာဖြင့် တင်သွင်းလာမှုနှင့် ပြည်တွင်းပန်းသီးစိုက်ပျိုးထုတ်လုပ်သူများအ‌ပေါ် အမြတ်ကြီးစားခေါင်းပုံဖြတ်ခြင်းများကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။

ဘူတန်မှလွဲ၍ အခြားသောနိုင်ငံများအပေါ် အကောက်ခွန်(MFN)နှုန်းထား ၅၀ ရာခိုင်နှုန်းကောက်ခံမှုနှင့် တင်သွင်းသည့်ပန်းသီးများအပေါ် အနည်းဆုံးဈေးနှုန်းသတ်မှတ်ချက်များအရ အိန္ဒိယပန်းသီးစိုက်ပျိုးသူများအတွက် အခွင့်အလမ်းများစွာ ရရှိနေမည်ဖြစ်ပါကြောင်း၊ အမေရိကန်အ‌ပေါ် ထပ်တိုးခွန်များဖြေလျှော့ပေးမှုသည် စားသုံးသူများအတွက် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းမြင့်မားသည့် ပရီမီယံဈေးကွက်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးသာရရှိစေမည်ဖြစ်ကြောင်း အခြားသောအရာရှိကြီးတစ်ဦးက ပြောကြားထားကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

Source: 20 pc retaliatory duty removal on American apple imports to have zero impact on Indian farmers: official, The Economic Times, 26 June 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)