India (Delhi)

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ ရင်ဆိုင်နေရသော သကြားကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုကို ဖြေရှင်းနိုင်ရန်အတွက် အိန္ဒိယနိုင်ငံသည် ဘရာဇီးနိုင်ငံနှင့် နှစ်ဦးနှစ်ဖက်ဆွေးနွေးလျက်ရှိ

Last Updated:

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ ရင်ဆိုင်နေရသော သကြားကုန်သွယ်မှုဆိုင်ရာအငြင်းပွားမှုကို ဖြေရှင်းနိုင်ရန်အတွက် အိန္ဒိယနိုင်ငံသည် ဘရာဇီးနိုင်ငံနှင့် နှစ်ဦးနှစ်ဖက်ဆွေးနွေးလျက်ရှိကြောင်း၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အဆိုပါကိစ္စရပ်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် အခြားသောနိုင်ငံများနှင့်လည်း သကြားတင်ပို့မှုဆိုင်ရာအငြင်းပွားမှုများကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ ဖြေရှင်းဆောင်ရွက်နေရသည်ဟု အစိုးရသတင်းများအရ သိရှိရကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

၂၀၁၉ ခုနှစ်တွင် ဘရာဇီးလ်၊ သြစတြေးလျနှင့် ဂွါတီမာလာနိုင်ငံတို့က အိန္ဒိယနိုင်ငံသည် သကြားထုတ်လုပ်မှုအတွက် စိုက်ပျိုးသူများအား ထောက်ပံ့ကြေးပေးမှုသည် ကမ္ဘာ့ကုန်သွယ်ရေးစည်းမျဉ်းများကို ချိုးဖောက်သည်ဟုစွပ်စွဲ၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အငြင်းပွားမှုဖြေရှင်းရေးခုံရုံးသို့ တိုင်ကြားခဲ့ပါကြောင်း၊ အဆိုပါခုံရုံးက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်တွင် အိန္ဒိယနိုင်ငံသည် သကြားနှင့်ပတ်သက်၍ တောင်သူများအပေါ်ထောက်ပံ့ဆောင်ရွက်ချက်များသည် နိုင်ငံတကာကုန်သွယ်မှုစည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိဟု ဆုံးဖြတ်ခဲ့ပါကြောင်းနှင့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ ကိစ္စရပ်များတွင် နောက်ဆုံးအဆင့်ဖြစ်သည့် အယူခံရုံးသို့ အယူခံဝင်ခဲ့ကြောင်း သိရှိရပါသည်။

ဘရာဇီးလ်နိုင်ငံသည် ကမ္ဘာတွင် သကြားတင်ပို့မှုအများဆုံးနိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံသည် ဒုတိယအများဆုံးနိုင်ငံဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရာဇီးလ်၊ သြစတြေးလျနှင့် ဂွါတီမာလာနိုင်ငံတို့က အိန္ဒိယနိုင်ငံ၏သကြားထုတ်လုပ်သူများအား ထောက်ပံ့ကြေးပေးမှုသည် သကြားစုစုပေါင်းထုတ်လုပ်မှုတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းထက်ကျော်လွန်သဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ လယ်ယာကဏ္ဍသဘောတူညီချက်များနှင့် ကိုက်ညီမှုမရှိဟု တိုင်ကြားထားပါကြောင်း၊ အဆိုပါနိုင်ငံများသည် အိန္ဒိယနိုင်ငံ၏ကုန်ထုတ်လုပ်မှုအကူအညီနှင့် ကြားခံကုန်သိုလှောင်မှုအစီအစဉ်နှင့် စျေးကွက်ရှာဖွေရေးနှင့် သယ်ယူပို့ဆောင်ရေးအစီအစဉ်များအောက်မှ ပို့ကုန်ပစ္စည်းများအား ထောက်ပံ့ဆောင်ရွက်ပေးနေမှုသည်လည်း ကုန်သွယ်မှုစည်းမျဉ်းများကို ချိုးဖောက်နေသည်ဟု စွပ်စွဲထားပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏စည်းမျဉ်းများအရ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကုန်သွယ်မှုဆိုင်ရာ စီစဉ်ဆောင်ရွက်မှုများသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိဟုယူဆပါက ဂျီနီဗာမြို့အခြေစိုက်နိုင်ငံစုံအဖွဲ့(Multilateral body)သို့ တိုင်ကြားနိုင်ပါကြောင်း၊ နှစ်ဦးနှစ်ဖက်ညှိနှိုင်းခြင်းသည် အငြင်းပွားမှုဖြေရှင်းနိုင်ရန်အတွက် ပထမအဆင့်ဖြစ်ပါကြောင်း၊ နှစ်ဦးနှစ်ဖက်ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမရှိပါက အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာခုံရုံးသို့ တင်ပြဆောင်ရွက်နိုင်ပါကြောင်း၊ အဆိုပါခုံရုံး၏ဆုံးဖြတ်ချက်ကို အယူခံခုံရုံးတွင် အယူခံဝင်ရောက်ခွင့်ရှိကြောင်း  The Economic Times သတင်းစာ၏ ဖော်ပြချက်အရ သိရှိရပါသည်။

သို့ရာတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အယူခံခုံရုံးတွင် တာဝန်ယူမည့်သူများခန့်အပ်ရေးတွင် အဖွဲ့ဝင်နိုင်ငံများအကြား သဘောထားတိုက်ဆိုင်မှုမရှိသဖြင့် အဆိုပါခုံရုံးမှာ ပုံမှန်လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်း၊ များစွာသောအငြင်းပွားမှုများသည် အယူခံအဖွဲ့တွင် ဆိုင်းငံ့ဖြစ်နေပါကြောင်း၊ အမေရိကန်နိုင်ငံသည် အဆိုပါခုံရုံးအဖွဲ့ အဖွဲ့ဝင်ခန့်အပ်ရေးကိစ္စရပ်များတွင် ကန့်ကွက်လျက်ရှိကြောင်းလည်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံနှင့်ဘရာဇီးလ်နိုင်ငံအကြား ကုန်သွယ်မှုတွင် ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်၌ အမေရိကန်ဒေါ်လာ ၁၂.၂ ဘီလီယံသာရှိရာမှ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆.၆ ဘီလီယံထိ တိုးတက်လာခဲ့ပြီး ပို့ကုန်သွင်းကုန်ကွာခြားချက်တွင် အိန္ဒိယမှ အသာစီးရရှိလျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံအစိုးရမှ ၂၀၂၂-၂၀၂၃ ဈေးကွက်ရာသီကုန်ဆုံးမည့် စက်တင်ဘာလအထိ သကြားတင်ပို့မှုကို တန်ချိန်သိန်းပေါင်း ၆၀ ခွင့်ပြုထားပြီး မတ်လ ၉ ရက်နေ့အထိ တန်ချိန် ၃၇.၇၅ သိန်းတင်ပို့ထားပြီးဖြစ်သည်ဟု အိန္ဒိယနိုင်ငံလုံးဆိုင်ရာ သကြားကုန်သွယ်မှုအသင်း (All India Sugar Trade Association - AISTA)  က မတ်လတွင်  ပြောကြားထားပါကြောင်းနှင့် သကြားတင်ပို့မှုပမာဏသတ်မှတ်ချက်ကို တိုးမြှင့်ပေးရန် ကုန်သည်လုပ်ငန်းရှင်များက တောင်းဆိုနေကြကြောင်း The Economic Times သတင်းစာအရ သိရှိရပါသည်။

Source : India in bilateral talks with Brazil to resolve sugar dispute at WTO, The Economic Times, June 25, 2023.    

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

 

Category: India (Delhi)