India (Delhi)

အိန္ဒိယသည် အီဂျစ်နိုင်ငံနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုရေး စဉ်းစားသင့်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များပြောကြား

Last Updated:

လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ၊ စတီးပစ္စည်းများ၊ ပေါ့ပါးသောယာဉ်များ စသည့်ပြည်တွင်းစက်မှုလုပ်ငန်းများအတွက် အလားအလာကောင်းများစွာရှိသည့် မြေထဲပင်လယ်ဒေသနိုင်ငံတစ်ခုဖြစ်သော အီဂျစ်နိုင်ငံနှင့် လွတ်လပ်သောကုန်သွယ်ရေးစာချုပ်ချုပ်ဆိုနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန် အိန္ဒိယနိုင်ငံအနေဖြင့် စဉ်းစားသင့်သည်ဟု ပို့ကုန်လုပ်ငန်းရှင်များက ပြောကြားထားကြောင်းနှင့် ဝန်ကြီးချုပ်မိုဒီသည် အီဂျစ်သမ္မတ Abdel Fattah El-Sisi ဖိတ်ကြားချက်အရ အီဂျစ်နိုင်ငံသို့ ၂ ရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်လျက်ရှိကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံမှ အီဂျစ်နိုင်ငံကြား ကုန်သွယ်မှုသည် ယခင်ကတည်းက ကောင်းမွန်ပြီး မျှတမှုရှိကြောင်း၊ အိန္ဒိယနိုင်ငံမှ အီဂျစ်နိုင်ငံသို့ ကုန်စည်တင်ပို့မှုမှာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၇၄ ဘီလီယံသာရှိရာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံထိ တိုးတက်ခဲ့ပါကြောင်း၊ သို့ရာတွင် အိန္ဒိယနိုင်ငံမှ အီဂျစ်နိုင်ငံကုန်စည်တင်သွင်းမှုမှာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အမေရိကန်‌ဒေါ်လာ ၃.၅ ဘီလီယံရှိရာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန် ၂ ဘီလီယံသို့ လျော့နည်းခဲ့ပါကြောင်း၊ ဓါတ်မြေသြဇာ၊ ရေနံစိမ်း၊ ဓါတုပစ္စည်း၊ ဝါဂွမ်းကုန်ကြမ်းနှင့် သားရေကုန်ကြမ်းပစ္စည်းများသည် အီဂျစ်နိုင်ငံမှ တင်သွင်းသည့် အဓိကကုန်ပစ္စည်းများဖြစ်ပါကြောင်း၊ ဂျုံ၊ ဆန်၊ ချည်ခင်၊ ရေနံထွက်ကုန်၊ အသား၊ သံနှင့်သံမဏီပစ္စည်းများနှင့် ပေါ့ပါးယာဉ်ငယ်များသည် အိန္ဒိယနိုင်ငံမှ အီဂျစ်နိုင်ငံသို့ အဓိကတင်ပို့သည့်ပစ္စည်းများဖြစ်ကြောင်း  အိန္ဒိယပို့ကုန်အဖွဲ့ချုပ်(Federation of Indian Export Organizations - FIEO ) ၏ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Ajay Sahai ၏ပြောကြားချက် အရ သိရှိရပါသည်။

အီဂျစ်နိုင်ငံသည် အာဖရိကနှင့်ဥရောပနိုင်ငံများနှင့် ဆက်သွယ်ရာလမ်းကြောင်းတွင် တည်ရှိသဖြင့် ဝန်ကြီးချုပ်၏ခရီးစဉ်သည် အရေးကြီးပါကြောင်း၊ အီဂျစ်နိုင်ငံသည် အာရှအနောက်ပိုင်းနိုင်ငံများနှင့် အာဖရိကနိုင်ငံများနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်များ ချုပ်ဆိုထားသဖြင့် အိန္ဒိယနိုင်ငံအနေဖြင့်လည်း လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီမှုနှင့်စပ်လျဉ်းပြီး ဖြစ်နိုင်ခြေလေ့လာမှုနှင့် စီးပွားရေးဆက်သွယ်မှုခိုင်မာအားကောင်းအောင်ဆောင်ရွက်နိုင်ပါကြောင်း Sahai က ပြောကြားထားပါသည်။

လယ်ယာစိုက်ပျိုးရေး၊ ဇီဝနည်းပညာ၊ ဆေးဝါးနှင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသာမက အီဂျစ်နိုင်ငံနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍများတွင်ပါ ပူးပေါင်းဆောင်ရွက်သင့်ကြောင်းနှင့် လက်ရှိကုန်သွယ်မှုအမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်မှ နောက် ၃ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံထိ ရောက်ရှိအောင် မျှော်မှန်းဆောင်ရွက်သင့်သည်ဟု Sahai က ထပ်မံပြောကြားထားပါသည်။

စက်မှုကုန်ပစ္စည်းတင်သွင်းသူနှင့် Geco Trading Corporation ၏ဒါရိုက်တာဖြစ်သူ Khalid Khan ကလည်း အီဂျစ်နိုင်ငံသည် အာဖရိကနိုင်ငံများတွင် အိန္ဒိယ၏အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်ပါကြောင်း၊ Ludhiana မြို့အခြေစိုက် လက်ကိုင်ကိရိယာများနှင့် စက်မှုကုန်ပစ္စည်းတင်ပို့သူများအသင်း (Engineering exporter and Hand Tools Association) ဥက္ကဋ္ဌဖြစ်သူ SC  Ralhan ကလည်း အီဂျစ်နိုင်ငံသည် အိန္ဒိယနိုင်ငံနှင့်ကုန်သွယ်မှုပြုရာတွင် ဒေသသုံးငွေကြေးကို အသုံးပြုသင့်သည်ဟု အကြံပြုထားပါကြောင်းနှင့် အီဂျစ်နိုင်ငံတွင် အိန္ဒိယနိုင်ငံမှ ကုမ္ပဏီ ၅၀ ခန့် လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

Source: India should consider free trade agreement with Egypt: Exporters, The Economic Times, June 25, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)